သို့ ...မနက်ဖြန်

အရာရာကိုခေတ္တမေ့ထား ငါမြှုတ်နှံထားခဲ့တဲ့ ငါ့ရဲ့အသိစိတ်နဲ့ ငါ့နှလုံးသားကို ငါပြန်ကြည့်မိတယ်

တစ်ချိန်တစ်ခါက

အချစ်ဆိုတဲ့အရာက တန်ခိုးကြီးစွာနဲ့ အရာရာကို အရှုံးပေးပြီး လိုက်လျောတက်ဖို့ ငါ့ကိုသင်ပေးဖူးတယ်..
အင်း... ငါ နင့်ကိုအရှုံးများစွာနဲ့ ချစ်ခဲ့ဖူးတယ်.....

တစ်ယောက်တည်းဆိုပေမယ့် မင်းကိုသတိရတဲ့စိတ်နဲ့ ငါ့နေ့ရက်တွေများစွာ ဖြတ်သန်းခဲ့ဖူးတယ်..
အင်း... ငါ နင့်ကို နှစ်ရှည်လများ လွမ်းနေခဲ့ဖူးတယ်....

အချစ်ဆိုတဲ့ ထိတွေ့လို့မရနိုင်တဲ့ ခံစားချက်တစ်ခုကြောင့် မမြင်နိုင်တဲ့ဒဏ်ရာတွေနဲ့ ငါ့နှလုံးသား နာကျင်နေခဲ့ရတယ်
အင်း... ငါ့ခံစားချက်တွေ ငိုကြွေးခဲ့ရဖူးတယ်...

နာကျင်ခြင်းတွေထဲ ပျော်မွေ့နေခဲ့တဲ့ငါ ပြောင်းလဲခြင်းဆိုတဲ့အရာကို မေ့မေ့လျော့လျော့နဲ့ပဲ...
အင်း.. ငါ့အိပ်မက်တွေ ပျောက်ဆုံးနေခဲ့ဖူးတယ်..

ဥပေက္ခာတွေ အဝအလင် စားသုံးခဲ့ရဖူးတော့ ထုံ နေပြီးသားငါ့နှလုံးသားရဲ့မနက်ဖြန်ကိုတွေးမိနေတုန်း..
အင်း.... ငါ ခံစားချက် ပျောက်ဆုံးသွားခဲ့ဖူးတယ်


ငါဆုပ်ကိုင်ထားမိတဲ့လက်တစ်ဖက်ကို ငါလွှတ်ချကြည့်မိတယ်
ကြိုတင်ထင်ထားမိသလိုပဲ မျှော်လင့်ခြင်းတွေဟာ လေထဲမှာ ကကြိုးပျက် လွင့်ထွက်သွားခဲ့တယ်
မင်းဆိုတဲ့သူဟာ ငါ့လက်ကို ဘယ်တုန်းကမှ ပြန်လည်ဆုပ်ကိုင်ထားခြင်း မရှိခဲ့ဖူးလေ......

မင်းဆိုတဲ့သူကို ငါဘယ်တုန်းကမှ မပိုင်ဆိုင်ခဲ့ဖူးသလို ပိုင်ဆိုင်ရယူဖို့လဲ ငါဘယ်တော့မှ ကြိုးစားမှာမဟုတ်တော့ဘူး
အချစ်ဆိုတာ ငါ့အတွက် တစ်ဖက်သက် ကြိုးစားခြင်းသက်သက်တွေနဲ့ တည်ဆောက်ထားတဲ့ အိပ်မက်တစ်ခုပေါ့
ငါ နိုးထ သင့်ပြီလေ ....

ငါဆိုတာ မင်းဆီက
လူမသိသူမသိ ကြွေကျလာတဲ့
ခံစားချက်တွေ တည်ဆောက်ထားတဲ့
မင်းရဲ့အရိပ်တစ်ခု ဖြစ်ခဲ့ဖူးလိမ့်မယ်

အရိပ်တို့မည်သည် အလင်းရောင်၏ ထောင့်ချိုးအလိုက် အသွင်ပြောင်းလဲပေးခဲ့ကြသည်
ငါ သည်လဲ အလိုက်သင့်ပေါ့ ...

ပျော်ရွှင်နေတဲ့ အပေါင်းအသင်းတွေ ကြားမှာ ငါတစ်ယောက်တည်း ပူလောင်ခြင်းတွေကို ခံယူမိနေတာ
တွေးကြည့်လိုက်ရင် အရာရာဟာ ငါတစ်ယောက်ပဲ မှားယွင်းစွာ ပြောင်းပြန်တွေ စီးဆင်းနေခဲ့မိတာများလား
မင်းကလဲ မင်းဘဝနဲ့မင်း ရွေ့လျားနေသလို ငါကလဲ ငါ့ဘဝနဲ့ငါ ဖြတ်သန်းနေခဲ့ကြတာပဲ
ငါပျော်ရွှင်ချိန်တွေ မင်းမဝေမျှခဲ့သလို ငါ နာကျဉ်နေချိန်တွေ မင်းက အနားမှာ မရှိခဲ့ဖူးပါဘူး
ဖြည်းဖြည်းတွေးကြည့်ရင်း မင်းဆိုတဲ့အသွင်တစ်ခုက ငါ့စိတ်ထဲမှာ တစ်စိမ့်စိမ့်နဲ့ပျောက်ကွယ်မှေးမှိန်သွားကြတယ်
ဒါဆို မင်းဆိုတာ ငါ့ရင်ထဲမှာ မရှိခဲ့တာ တော်တော်များကြာခဲ့ပြီလား

အခြေအနေ အရပ်ရပ်ဟာ မင်းဘက်က တွေးကြည့်ရင် မင်းမှန်နေသလို ငါ့ဘက်ကတွေးကြည့်ရင်လဲ ငါမှန်နေခဲ့တဲ့ အလွဲရပ်ဝန်းတစ်ခု ဖြစ်ချင်ဖြစ်နေခဲ့လိမ့်မယ် ဒီရပ်ဝန်းထဲမှာ မင်းပြေးချင်သလိုပြေးပါ ငါ လိုက်ဖို့ မကြိုးစားတော့ပါဘူး ရပ်စောင့်နေတယ်လို့လဲ မထင်ပါနဲ့ ငါ ဒီရပ်ဝန်းကနေ စွန့်ခွာသွားမှာမို့ပါ

အခုအချိန်မှာတော့
....................
...................
ဘယ်အရာ ဘယ်ခံစားချက်ကိုမှ ငါ သုံးသပ်မနေချင်တော့ဘူး..
ဘယ်သူမှားတယ် ဘယ်သူမှန်တယ် ငါ မတွေးချင်တော့ဘူး
ငါပိုင်ဆိုင်ခွင့်ရမယ့် ငါ့အိပ်မက်နဲ့မနက်ဖြန်တွေ တည်ဆောက်ရင်း
ငါဆိုတဲ့သူဟာ ငါကိုယ်တိုင်ပဲ ဖြစ်နေချင်တော့တယ်။