Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

တတိယရှု့ထောင့်



အာရုံတွေမှာ တိတ်ဆိတ်
ကိုယ့်စဉ်းစားသံ ကိုယ်ပြန်ကြားနေရတယ်
......အတွေးထဲမှာတော့......
လေပြေအေးလေး တိုက်ခတ်နေလေရဲ့
အင်းးးး.........
ဒါ တစ်စုံတစ်ရာရဲ့ အဆုံး
(သို့)
တစ်စုံတစ်ခု ရဲ့ အစ ဖြစ်မယ်ထင်ရဲ့

ငြိမ်သက်နေတဲ့ မျက်ဝန်းတွေနဲ့
ငါ့အတွေးကို ငါလှည့်ကြည့်မိတယ်

အချစ်ဆိုတာ ချော်လဲရောထိုင်ကစားနည်း တစ်မျိုးဆိုရင်
စည်းဝိုင်းအပြင်မှာပဲ ငါနေမယ်....

အသွင်မတူခြင်းနဲ့ အမြင်မတူခြင်းကြောင့်
ငါကိုယ်တိုင် ထိလွယ်ရှလွယ် တတ်ခဲ့...

အနမ်းတွေမှာ မာယာခြယ်သထားရင်
အလွမ်းစာမျက်နှာကိုပဲ
ငါ ရွေးဖတ်ပါ့မယ်......

အချစ် နဲ့ သံယောဇဉ်
လွန်ဆွဲလေတော့
တွေဝေခြင်းမှာ ငါ ရပ်တန့်နေမိခဲ့တယ်
လောကကြီးရယ်
ငါ့ကိုယ်ငါပဲ ပစ်ပယ်လိုက်ပါရစေ.....

ခံစားချက်ဘက် ငဲ့ကြည့်မိတော့
နာကျဉ်မှုရဲ့အဆုံးမှာ
အေးစက်သွားခြင်းဆိုတာ
မင်းသိစေဖို့ ငါ့မှာ စကားလုံးမရှိဘူး...

စိတ်ခံစားမှုတွေ မာကျောတောင့်တင်းခဲ့ရတော့
ပြောဖို့စကားတွေ ဆွံ့အလို့....
ငါဆိုတာ ......မလိုအပ်တော့ဘူးလို့ သိလိုက်ချိန်
သွေးအေးစွာပဲ နှုတ်ဆိတ်ခဲ့တယ် ..

"ပြိုလဲခြင်း" ဆိုတဲ့ စကားလုံး
ဖျက်သိမ်းလိုက်ရုံနဲ့
တည်ဆောက်ထားတာတွေ
ခိုင်မြဲတိုင်း ခိုင်မြဲနေပါ့မလား
................
တို့အိမ်မက်တွေ တည်တံ့ဖို့က
တို့နဲ့ပဲ ဆိုင်ခဲ့တာလေ

မျှော်လင့်ချက် ရဲ့ အနက်ကိုတိုင်းကြည့်မိတော့
စောင့်စားခြင်းက ငါ့ကို ဆီးကြိုတယ်
......... ..... ......
ယုံကြည်ချက်တွေကတော့
အိပ်မက်တွေနဲ့အတူ ...
.... စီးမျောနေတုန်း ... ....

...........။။။။ ။။။ ။။။။ ..............

ဘာအဓိပ္ပါယ်လဲ လို့တော့မမေးနဲ့နော် ကိုယ့်ဘာသာကိုယ်လည်း ဘာရေးမှန်းကိုမသိဘူး .... ။

လွမ်းလို့








ရင်ဘတ်ထဲ
လေးလံလာလို့
စိတ်ကိုခဏ
ထွက်ပေါက်
ပေးလိုက်တော့......
အလွမ်းတွေ
မင်းဆီ
ဒုန်းစိုင်းစီးဆင်း
သွားလိုက်တာ.....
ငါ့ စိတ်အာရုံတွေ
အားလုံး
.......................
မင်းပုံရိပ်တွေနဲ့
ပြည့်နှက်
သွားတော့တယ်။ ။

နှင်းဆီစီးကြောင်း




တအုံနွေးနွေးနဲ့
ညာဘက်ရင်ဘတ်နဲ့ ကပ်လျှက်အခန်းမှာ
မွှေးခဲ့တဲ့မီးက ခုထိလောက်ကျွမ်းနေတုန်းပဲ
ငါ စိုက်ခဲ့တဲ့ နှင်းဆီပင်မှာ
ဖွင့်မပြောဖြစ်တဲ့ စကားတွေ
ပွင့်ခဲ့တယ်........။။


ဒါ ငါသိပ်ကြိုက်မိတဲ့ကဗျာစာသားလေးတစ်ခု..

ငါ့စိတ်ကူးတစ်ခု
ရူးရူးမူးမူး နဲ့ပဲ
နှင်းဆီပင်တွေ ငါ စိုက်ပျိုးခဲ့တယ်..
ငါ့မျှော်လင့်ခြင်းတွေကို ထည့်သွင်း
ဒီအပင်လေးတွေဟာ ငါ့ဘဝ ပေါ့

ခုတော့ ဝမ်းနည်းစရာပဲ
ငါမရှိတဲ့ အချိန်လေးအတွင်း
ငါ စိုက်ခဲ့တဲ့ နှင်းဆီပင်တွေ
သေကုန်ပြီတဲ့..
ဒါဆို ငါ့ဘဝ ကကော....

နှင်းဆီဆူးတွေ ငါ့ကို ရစ်ပတ်
ငါ့အတွေးတွေက ငါ့ကိုပြန်သတ်ပြီ
ဘယ်အရာကိုမှ မတောင့်တချင်တော့ဘူး..
"အရုပ်ကြိုးပြတ်" ဆိုတာ ဒါမျိုးကိုခေါ်တာလား

ဒီလိုပဲ ငါ့စိတ်ကူးနဲ့
ငါ့ရဲ့မျှော်လင့်ခြင်းတွေဟာလည်း
ဟိုနားတစ်စ..
ဒီနားတစ်စ....... ။ ။

ဝေးလွင့်ချိန်


ပြောနေကြတဲ့စကားလုံးတွေကြား
တစ်ခွန်းစ၊ နှစ်ခွန်းစ ရောက်သွားမိတဲ့ မင်းရဲ့အကြောင်း
ငါ နာကျင်မိတုန်း၊ ခံစားရတုန်း။

ဒီတစ်နေဝင်သွားရင်......
ကြယ်စင်တွေ ရောက်ရှိချိန်ကျ... ...
နံနက်ခင်းလေးမှာများ... .... ....
... .... ..... ......
မင်းပုံရိပ်လေး ပြန်မြင်ခွင့်ရလိမ့်မယ်
စတဲ့ စတဲ့ မျှော်လင့်ခြင်းတွေ
မသေချာဘူး ....
ငါသိပါတယ် .... ။

ပြောချင်တဲ့စကားလုံးများစွာထဲမှာ
ငါ တိတ်ဆိတ်ခဲ့ရဖူးတယ်
ပြောမထွက်တော့လို့၊ မပြောသင့်တော့လို့ပါ ...

ရှုံးနိမ့်မှု့ကြား နားခိုရတာ
ငါ့ကုသိုလ်ပဲ ဆိုရမလား.....

အဆုံးစွန်ထိ နားလည်ပေးလိုက်တော့
ငါ့အတွက်... အချစ်ဆိုတာ...
မျိုသိပ်ခြင်းတွေနဲ့အတူ ....
.... စွန့်လွှတ်ဖို့ပဲ ...
.... ကျောခိုင်းဖို့ပဲ ...

ငါ့နှလုံးသားကို မင်းမြင်တတ်ခဲ့ရင်
နှုတ်ဆက်ကြတဲ့ အဲဒီညနေခင်းမှာ
ငါ နာကျင်နေခဲ့တာ မင်းသိမှာပါ ။

အလွမ်းသင့် ဒီဇင်ဘာ...

အလွမ်းတွေထဲ နေရတာ
ငါ ရင့်ကျက်သွားပြီတဲ့လား...
ခုထိမျက်ရည်ကျတုန်း....
ငါ နာကျင်မနေပါဘူး
ဒဏ်ရာကသာ သေရာပါသွားမှာ...။

ငါ မလွမ်းတော့ဘူးတဲ့
စိတ်ဝိဥာဉ်ကတော့
အိပ်မက်ထဲ နစ်နေတုန်း....
ငါ အိပ်ပျော်မနေပါဘူး
နှလုံးသားတစ်ခုပဲ ပြန်နိုးထမလာတော့တာ...။

ခု ဒီဇင်ဘာလမ်းတွေထဲ
ငါပြုံးပြီး လျှောက်နေလည်း..
အတိတ် ဒီဇင်ဘာ တစ်ခုကတော့
ငါ့ ရင်ဘတ်ထဲ ခိုဝင်လိုက်ပါဆဲ....။

လှတယ်....
ငါ မက်မောတဲ့ အတိတ်တစ်ခုနဲ့
ငါ မကုစားတော့တဲ့ အလွမ်းတစ်ခု
မင်းတို့နဲ့အတူ ဒီဆောင်းနှင်းတွေထဲ
လျှောက်လှမ်းရတဲ့ ငါ့ခံစားချက်တွေ
လှတယ်.....

ဒီလူက
အလွမ်းသင့်တဲ့ ရင်ခွင်နဲ့မို့
ဒီဇင်ဘာရေ...
မင်း အရမ်း လှ နေတယ်....။

သန်းခေါင်ထက် နက် တဲ့ ည

အလွမ်းတွေကို ဖြတ်ကူးနေရတဲ့ ဒီည
စက္ကန့်တိုင်းကို ဆွဲဆန့်ထားလေသလား ??

အခုတလော
ငါကြောက်ရွံဖူးတဲ့ အလွမ်းတွေထဲ ကူးခတ်ရင်း....
ငါ ကိုယ်တိုင် ပျော်ဝင်နေမိလို့ ...
ဒီည .....
ငါ့ခံစားချက်သယ်ဆောင်ရာနောက် ငါစီးမျောမယ် ....

နွမ်းလျပြီးသား ငါ့နှလုံးသားလည်း
ဒီ့ထက်ဒီ ပိုနာကျင်စရာ မရှိတော့ပြီမို့
ဒဏ်ရာအပြည့်နဲ့ ငါ့အလွမ်းတွေအတွက်
အမှောင်ထုရေ....
သန်းခေါင်အပြင် ထပ် ညဥ့်နက်နိုင်သေးတယ်ဆိုရင်
မင်းစိတ်ရှိသလောက်သာ နက် လိုက်ပါတော့  ....
ငါ ဆိုတဲ့သူ လွမ်းဖို့ အသင့်ပါပဲ........။


မိုက်မဲသူ...

လေးညှို့ရှင်..
မင်းကတော့ မရည်ရွယ်ခဲ့ပါဘူး
ဒါပေမယ့် မြားတစ်စင်းကတော့
ငါ့ရင်ဘတ်ထဲ စူးစူးနစ်နစ်ပါပဲ..

မရည်ရွယ်ခဲ့သူ မင်းအတွက်
ဒီအချစ်ပွဲမှာ ငါကသူရဲကောင်းပေါ့..။

ငါ့ရင်ဘတ်ထဲ စူးနစ်ဝင်နေတဲ့
ဒီသံယောဇဉ်.....
ငါကိုယ်တိုင်ပဲ ပြန်လည်ဆွဲနှုတ်ခဲ့တယ်။

မင်းဘုရင်မလက်ထဲ ပြန်လည်အပ်နှင်းလိုက်တဲ့ မြားတစ်စင်းမှာ
ငါ့နှလုံးသား အစိမ်းလိုက်ပါသွားခဲ့ပေမယ့်
ငါပြုံးလျှက်ပါပဲ...။

ရင်ဘတ်ထဲက ဟောဒီဒဏ်ရာ
ယနေ့ထက်တိုင် သွေးစိမ့်နေသေးပေမယ့်လည်း.....
....... ငါက သူရဲကောင်းတစ်ဦးပေါ့ .... ။

တောင့်တမှု့


အလွမ်းတွေ တိုက်စားလွန်းလို့
ငါ့နေ့ရက်တွေလည်း လုံးပါးပါး ကုန်ပါပြီ
အလွမ်း....
" ငါ " ဆိုတဲ့ကမ်းပါး ပျောက်ဆုံးသွားအောင်သာ တိုက်စားပစ်လိုက်ပါ

ရင်ထဲ စူးနင့်လွန်းလို့
အခုတလော လွမ်းဖို့တောင် အသက်ရူ မဝ ချင်တော့ဘူး
မွန်းကျပ်နာကျဉ်မှု့တွေလည်း ငါ့မျက်ဝန်းမှာ တွဲခို...
အော်....ငါ ငိုသတဲ့လား...

ဒီလို မျက်ရည်စိုမယ့် မနက်ဖြန်မျိုး
ငါ တကယ်ကိုမလိုချင်တော့လို့
အလွမ်း.....
" ငါ "ဆိုတဲ့ကမ်းပါး ပျောင်ဆုံးသွားအောင်သာ တိုက်စားပစ်လိုက်ပါ....။

သဉ္ဇာ

ဒဏ်ရာ

ဝေးသွားပြီဆိုတဲ့
အဖြစ်မှန်ကို လက်ခံဖို့
ငါရင်ဘတ် တစ်ခု
ခံနိုင်ရည် မရှိခဲ့ပါဘူး

တွေးမိလိုက်တိုင်း
ဒီမျက်ဝန်းထဲ
ပြည့်တက်လာတဲ့ မျက်ရည်တွေကြား
ငါဟာ အရောင်ရောင်အမှားမှားနဲ့
မင်းနာမည်လေး ရွတ်ဆိုမိတုန်းပဲ


တကယ်ပါ
ငါ ပြေးထွက်သွားချင်တယ်
ငါ့ခံစားချက်တွေနဲ့ ဝေးရာဆီကို

ဒီဒဏ်ရာဟာ
ဒီလောက်နာကျင်မယ်လို့
အစကတည်းက နင်ပြောပြထားသင့်တယ်
ငါ ပြင်ဆင်ခွင့် ရှိအောင်လေ

နင်နဲ့ဝေးပြီးတဲ့နောက်
ကောင်းကင်ကို မော့ကြည့်တတ်တဲ့ အကျင့်လေးတစ်ခု
ငါ ပိုပြီးတက်မြောက်ခဲ့ပြီပဲ
ဒီမျက်ဝန်းထဲက မျက်ရည်တွေ
ကျမလာအောင် ထိန်းရင်းနဲ့ပေါ့

မှုတ်ထုတ်လိုက်တဲ့ ရှိုက်သက်တိုင်းမှာ
သတိရခြင်းတွေ ပါသွားနိုင်မယ်ဆိုရင်
ငါ့အတွက် တော်တော်သက်သာရာရမှာပဲ
သက်ပြင်းချတိုင်းသာ အသက်တိုတတ်တယ်ဆိုရင်
မနေ့ကတည်းက ငါသေသွားလောက်ပြီ

မပြာပါနဲ့
ဒါဟာ ငါ့အတွက်
အိပ်မက်တစ်ခု မဟုတ်ခဲ့ဘူး
တကယ်ပဲ
ငါတို့နှစ်ယောက်
ဆောင်းအိပ်မက်တစ်ခုကို
မက်ခဲ့တာဆိုရင်
အဲဒီအိပ်မက်ကနေ ငါ့ကိုမနှိုးခင်
မင်း ငါ့ကိုအရင်သတ်ခဲ့သင့်တယ်
မင်းမရှိရင် ငါဘယ်လိုမှမဖြစ်နိုင်တာ
မင်းမှမသိခဲ့တာ

ငါ့ ရင်ဘတ်ထဲက
ငါကိုယ်တိုင်တည်ဆောက်ထားခဲ့တဲ့ အချစ်တစ်ခု
ဘယ်လောက်ထိ ခမ်းနားနေတယ်ဆိုတာ
ငါ ပြသခွင့်မရှိတော့ဘူးတဲ့လား


စွန့်လွှတ်တယ်ဆိုတာ
လူတွေအမြင်မှာလွယ်ပေမယ့်
ဒီရင်ဘတ်ထဲမှာတော့
သေရာပါ ဒဏ်ရာတစ်ခုပါ

ငါ့ ဘက်ကစွန့်လွှတ်ဖို့
မင်းကိုယ်တိုင်က မျှော်လင့်နေမှတော့
ဒီဒဏ်ရာ နောင်ဘဝထိပါသွားမယ်ဆိုရင်တောင်
ငါ ခံယူပါ့မယ်

မင်း ငါ့ကိုတကယ်မချစ်နိုင်ရင်
ငါ့ဒဏ်ရာတွေ အတွက်
ငါ့ကိုမသနားပါနဲ့
သနားတဲ့အကြည့်နဲ့လည်း
ငါ့မာနတွေကျရှုံးသွားအောင် မကြည့်လိုက်ပါနဲ့
အရာရာအားလုံး စွန့်လွှတ်ခဲ့ပြီးပြီမို့
ငါ့ကို ဒီမာနလေးတော့ ထားခွင့်ပေးပါ။

သဉ္ဇာ

မမေ့နိုင်သော


ငါ့ခံစားချက်နဲ့ ဆန့်ကျင်ဘက်အရပ်သို့
ပြေးထွက်ခဲ့ရတဲ့ အဲဒီညနေခင်း
ငါ့ကိုငါကလွဲပြီး
ဘယ်သူကို မုန်းရမှာတဲ့လဲ

နင်မမှားခဲ့ပါဘူး
ငါ့ဘက်ကလည်း မှန်ခဲ့တာပဲလေ

ဆုံးဖြတ်ချက်ဆိုတာ
ဖြစ်ချင်တာကိုဆုံးဖြတ်ကြတာလား?
ဖြစ်သင့်တာကိုဆုံးဖြတ်ကြတာလား?

ငါဖြစ်ချင်တဲ့အခြေအနေလေး
ဖြစ်တည်ခွင့် မရခင်မှာပဲ
ဖြစ်သင့်တယ်ဆိုတဲ့ အဖြေတစ်ခုအတွက်
ငါ နာကျင်ခဲ့ပြီးပါပြီ

အဖြစ်အပြက်တွေ ဘယ်လိုပဲ
ပြီးဆုံး ပြောင်းလဲခဲ့ပါစေ
မစွန့်လွှတ်ချင်တဲ့ ဒီအတိတ်တစ်ခု
ငါ့ခရီးလမ်းတလျှောက်မှာ
ငါနဲ့ တပါတည်း သယ်ဆောင်ထားမိတုန်းပါပဲ

မှန်ပါတယ်
အတိတ်ဆိုတာ ပြီးဆုံးခဲ့ပြီးပါပြီ
သို့ပေမယ့်
ငါပျော်မွေ့စွာ နေထိုင်ဖူးလို့ပါ

ဘယ်မေ့နိုင်ပါ့မလဲ
ဒီမှတ်ဥာဏ်လေးတစ်ခု
ငါ သေသွားခဲ့ရင်တောင်
နောင်ဘဝထိ ပါသွားနိုင်တယ်။

သဉ္ဇာ

ကုန်ဆုံးခြင်း


နေ့ဘက် ဆို ငါ့ အရိပ် ကို ငါအဖော်ပြု

ညဘက် ဆို ငါ့ အဖော်က အိပ်မက်တွေပေါ့

ဒီလိုနဲ့ ငါဖြတ်သန်းလာတဲ့ နေ့ညတွေ

တစ်နှစ် တောင် ကျော်လာခဲ့ ပြီ ပဲ ။


သဉ္ဇာ