ten things I hate about myself..

ကိုအိကု (idulize) တဂ်လိုက်တဲ့ ကိုယ့်ကိုယ်ကို မုန်းတဲ့ ၁၀ ချက်ပါ။
ကိုယ့်ကိုယ်ကို ကြည့်ရမတာတွေကို ပြောပြပါတော့မယ် ...

၁ ။ ။ သံသယကြီးလွန်းတာ
၂ ။ ။ ခေါင်းမာတတ်တာ
၃ ။ ။ အားနာတတ်တာ
၎ ။ ။ အစွဲအလမ်းကြီးတာ
၅ ။ ။ ခံစားနာကျင်တတ်တာ
၆ ။ ။ ဒဏ်ရာတွေကို မမေ့တက်တာ
၇ ။ ။ အူကြောင်ကြောင်နိုင်တာ
၈ ။ ။ ကိုယ်မှန်တယ်ထင်ရင် ဘာမှရှင်းပြမနေပဲ ဇွတ်လုပ်တတ်တာ
၉ ။ ။ ဘယ်တစ်ခုမှ ဖြစ်မြောက်အောင် မတတ်ကျွမ်းတာ
၁၀ ။ ။ အရေးကြီးပြီဆိုရင် ပြောစရာစကားပျောက်သွားတတ်တာ

ကိုယ့်ကိုယ်ကို ဒီလောက်ကြည့်မရဖြစ်နေမှန်း ခုမှ သိတယ်။
သူများတွေဆို ဘယ်လောက်အမြင်ကတ်နေလိမ့်မလဲနော်.... :P

တစ်နေ့ဘယ်လောက်ရလိုက်လဲ.. ?

တစ်နေ့ဘယ်လောက်ရလိုက်လဲတဲ့ အကိုသိင်္ခက တဂ်ထားတာကြာပြီ အကြွေးကို ခုမှဆပ်လိုက်ရတာ တောင်းပန်ပါတယ် အကိုရေ။
ဒီနေ့တစ်နေ့စာကိုပဲ ရေးလိုက်တော့မယ်နော်... ဒါတောင် ကုသိုလ်ကိုမနည်းရှာကြံထားရတာ အကိုပြောသလို နာမည်ပျက်မှာ စိုးလို့လေ ဟီးဟီး..။

မနက်မိုးလင်းတော့ မျက်နှာသစ်၊ သွားတိုက်ရေချိုးပေါ့။ မျက်နှာသစ်၊ သွားတိုက်လုပ်နေရင်းနဲ့ စိတ်ထဲကနေ ဘုရားစာရွတ်တတ်တာကတော့ အကျင့်ရှိပါတယ်။

ပြီးရင် မေမေ ဘုရားဆွမ်းတော်ကပ်ဖို့၊ သောက်တော်ရေ ကပ်ဖို့ ဝိုင်းလုပ်ပေးပါတယ်။ ကုသိုလ်ကို သူများဆီကနေ လုယူတယ်လို့ပြောရမလားပဲ... ။

ပြီးရင် ကျောင်းစာတွေလုပ်တယ်။ ဒီစာတွေနဲ့ ငါ ဖြစ်မှ ဖြစ်ပါ့မလား၊ ငါ ဖြစ်အောင်လုပ်နိုင်ပါ့မလားဆိုတဲ့အတွေး ဝင်လာခဲ့တာကတော့ မောဟလို့ ပြောရမလားပဲ။ သိပ်တော့ နားမလည်ဘူး ဒါပေမယ့် အဲဒီအချိန်မှာ စိတ်က မငြိမ်းချမ်းတာ အမှန်ပါ။

ရုပ်ရှင်လေးဘာလေး ကြည့်မိတော့လည်း မထူးပါဘူး ရုပ်ရှင်ထဲက လူကြမ်းတွေ ဆိုးပြသမျှ ကိုယ်က လိုက်ပြီး ဒေါသထွက်နေရတာ။ အလကားနေရင်း ဒေါသ ယူမိတာပေါ့။ အော် ရုပ်ရှင်ပဲလေဆိုပြီး သတိဝင်လာတော့ နောက်ကျပြီ ဒေါသက ထွက်ပြီးသွားလေပြီ။

ညနေဘက်တော့ ဘုရားသောက်တော်ရေ လဲပေးတယ်။ အဲဒီအလုပ် လုပ်နေရင်းနဲ့တော့ မေတ္တာပို့ဖြစ်ပါတယ်။ အိပ်ယာဝင်ခါနီးလည်း ဘုရားရှိခိုးရင်းနဲ့မေတ္တာပို့ဖြစ်ပါတယ်။

ခုမှ ပဲသိတော့တယ် တစ်နေ့တစ်နေ့ ကုသိုလ်ကံတရားကလည်း နည်းပါးလိုက်တာ။ သတိနဲ့ နေနည်းကလည်း ကျင့်လိုက် မေ့ပြီး ဒေါသထွက်မိလိုက်၊ သတိလွတ်သွားလိုက်နဲ့လည်နေလေတော့ ဟင်း.. သက်ပြင်းချစရာပါလား...။

အကိုသိင်္ခရေ ဘယ်လောက်ရလိုက်လဲတော့မသိဘူး။ ကိုယ့်ဘာသာပဲ တွက်ပေးပါတော့။ တော်တော်နည်းနေမှန်းတော့ ကိုယ့်ကိုယ်ကိုသိပါတယ် :P ။ သူများမပြောခင် ကြိုတင် ဝန်ခံထားတာ :D ။

................... ။ ။


ရှိသမျှ လင်းစရာ ၊ ဝေစရာလေးတွေကို
သေခိုင်းလိုက်ပြီ ။
ဘယ်တောအုပ်မှာမှ
သစ်ပင် နံပါတ်ပြောပြီး အမြစ်မချချင်ဘူး ။
သောကြာနေ့ အချင်းချင်း အပျင်းခံရရင် နာတယ် ။

လှံတံက ခေါ်လို့မလိုက်ရင်လည်း
ပင်အပ်ယူပြီး လာမစိုက်နဲ့
မင်းတို့ကျေနပ်ရင် ငါလိုမြေက နိမ့်မြဲ နိမ့်ပေးလိုက်မယ် ။
လပြည့်ဝန်းကို ပိန်ချွန်းချွန်း ထိုင်ကြည့်နေရရင်ပဲ
ငါ့အတွက် ..
ဖြစ်ပါတယ်...။

တာရာမင်းဝေ

။ .... ။ ..... ။

အပိုဖြစ်သွားတဲ့ စကားလုံးလေးတွေ

ခုတလော စကားလေးတစ်ခွန်းကို သတိထားမိနေတာ။ ဘယ်သူ့ကိုမှ ပြန်မပြောနဲ့နော် ဆိုတဲ့စကားလေးပါ။ ကြားဖူးတာလည်းများနေပါပြီ၊ ပြောလည်းပြောခဲ့ဖူးတာပါပဲ။ ခုမှသေချာစဉ်းစားမိတာ။

လူတစ်ယောက်မှာ လျှို့ဝှက်ချက်ဆိုတာ ရှိနိုင်ပါတယ်။ အထူးသဖြင့် သဉ္ဇာ့လိုလူမျိုးဆို ဘာလေးလုပ်လုပ် လျှို့ဝှက်စွာလုပ်ရမှ ပိုပြီးအသက်ပါသလို ခံစားရတာ။ ဘာမှ ထူးခြားတဲ့ကိစ္စမဟုတ်တောင်မှ အဲဒါကိုပင် လျှို့ဝှက်ပြီးလုပ်နေရတာက ပိုပြီးအာရုံ စူးစိုက်နိုင်တာ။ ဒါကတော့ လူတစ်ဦးနဲ့တစ်ဦးတူချင်မှတူမှာပါ။ ဒါပေမယ့် လူဆိုတာ လျှို့ဝှက်ချက် ရှိတတ်ကြစမြဲပါ။

လူတစ်ယောက်က ကိုယ်ကိုတိုင်ရဲ့ လျှို့ဝှက်ချက် ဒါမှမဟုတ် ကိုယ်ပဲသိထားတယ် လို့ယူဆရတဲ့ သတင်း တစ်ခုကို ကိုယ့်ရဲ့ အယုံကြည်ရဆုံး တိုင်ပင်ဖော်တစ်ယောက်ကို ပြောပြတော့မယ်ဆိုရင်“ဘယ်သူ့ကိုမှ မပြောနဲ့နော်၊ ငါက မင်းမို့ပြောပြတာ”ဟု စကားပလ္လင်ခံတတ်ကြ၏။ အမယ်.. အတိုင်ပင်ခံရသူကလည်း ရုပ်တည်ကြီးနဲ့ အေးပါ စိတ်ချ ငါဘယ်သူ့ကိုမှ မပြောဘူး ပေါ့။ အဲဒီမှာ စတာပဲ..။ ကိုယ်ပြောလိုက်တဲ့သူကလည်း သူ့ရဲ့ အယုံကြည်ရဆုံး တစ်ယောက်ကို ဘယ်သူ့ကိုမှပြန်မပြောနဲ့နော်ဆိုပြီး ကိုယ့်ရဲ့ လျှို့ဝှက်ချက်ကို ဖောက်သည်သွားချနေမှာ။ အဲဒီနောက်တစ်ယောက်ကနေ နောက်တစ်ယောက်၊ နောက်တစ်ယောက်ကနေ နောက်တစ်ယောက်နဲ့ အားလုံးသိနေကြတဲ့ လျှို့ဝှက်ချက်ကြီးအဖြစ်ကိုရောက်သွားတော့တာပါပဲ။

ကိုယ့်ရဲ့လျှို့ဝှက်ချက်ကို အားလုံးသိနေကြတယ်ဆိုတာကို ကိုယ်ကိုယ်တိုင်ကနောက်ဆုံးမှ ပြန်သိလိုက်ရတာက သဘာဝပဲမဟုတ်လား။ အဲဒီလို ပြန်သိလိုက်ရတဲ့ အချိန်မှာ ခံစားရတဲ့ ခံစားချက်ကလည်း ဘယ်လိုမှ တင်စားစရာ စကားလုံးမရှိလောက်အောင် အီလည်လည် ကြီးဖြစ်ရတတ်သေးတယ်။ အပြစ်တင်ရမယ်ဆိုရင်လည်း“ဘယ်သူ့ကိုမှ မပြောနဲ့နော်”လို့ မိုက်မိုက်မဲမဲပြောခဲ့မိတဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရတော့မှာ။

အဲဒီတော့ ကိုယ်ပြောခဲ့မိတဲ့“ဘယ်သူ့ကိုမှ မပြောနဲ့နော်”ဆိုတဲ့ စကားလုံးလေးတွေက အလကားဖြစ်မသွားပေဘူးလား။ အဲဒီလိုဖြစ်နေတာတွေကိုပဲ လောကရဲ့ ပြုံးချင်စရာ အလွဲလေးတွေအဖြစ် လက်ခံလိုက်ရမလိုဖြစ်နေတာ။

ဆိုတော့ကာ တကယ်လို့များ သူငယ်ချင်းတို့မှာ တစ်ခြားသူတွေကို မသိစေချင်ဘူးဆိုတဲ့ လျှို့ဝှက်ချက်များရှိလို့ကတော့ တစ်စုံတစ်ယောက်ကိုမှ ယုံကြည်ပြီး “ဘယ်သူ့ကိုမှ ပြန်မပြောနဲ့နော်”လို့ မပြောမိစေနဲ့။ ပြောမိလို့ကတော့ အီလည်လည်ကြီးခံစားလိုက်ရမယ်။ ဂယ်ပြောတာ.. ...။ အဲဒီတော့ ကိုယ့်ရဲ့ တကယ့်လျှို့ဝှက်ချက်ဆိုရင် ကိုယ်တစ်ယောက်တည်းပဲ သိအောင် မျိုသိပ်ထားပါ။ တကယ့်ကိုပဲ ဘယ်လိုမှ မမျိုသိပ်နိုင်တော့ပါဘူးဆိုရင်လည်း မရ ရအောင် ကြိတ်မှိတ်၊ လှိမ့်ပိတ်ပြီး မျိုသိပ်ပါ။ အဲဒီခံစားချက်က အီလည်လည်ကြီးဖြစ်တာထက်စာရင် ကောင်းသေးတယ်။

သဉ္ဇာကတော့ ခုဆို မပြောသေးဘူးဆိုရင် ဘယ်သူ့ကိုမှ မပြောပြတော့ဘူး။ ပြောပြပြီဆိုရင်လည်း ဘယ်သူသိသိ အရေးမကြီးဘူးဆိုမှ ပြောတော့တာ။ အီလည်လည်ဖြစ်ရပေါင်းများတော့ မှတ်သွာတာ ဟဲဟဲ။

“ဘယ်သူ့ကိုမှ မပြောနဲ့နော်” အဲဒီစကားကို သူငယ်ချင်းတို့ ဘယ်နှစ်ကြိမ်များပြောခဲ့ဖူးပြီလဲ ၊ ဘယ်နှစ်ကြိမ်များ ကြားဖူးခဲ့ပြီလဲ ။

ဘာညာဘာညာ ဆိုလို့

ခေါင်ခေါင်ရေ သူငယ်ချင်း..၊ နည်းနည်းကြာသွားတယ် သူငယ်ချင်းရေ.. ။ နင်တဂ်လိုက်တဲ့ ဘာညာဘာညာ ကို ရေးချင်ပေမယ့် ငါကလည်း ဘာညာသာရကာတွေနဲ့ ရှုပ်နေလို့ ခုမှ ရေးလိုက်တယ်။ ဘာရယ်ညာရယ်မဟုတ်ပါဘူး သူငယ်ချင်းအချင်းချင်းပဲဟာ ခွင့်လွှတ်တော်မူပါနော် ....။
ကဲ .. ရေးပြီ.....

ရှင်းချက်။ ။ သူ = ခေါင်ခေါင် .... ခေါင်ခေါင် = သူ :P

၁။ သူနဲ့ဘယ်လိုပက်သတ်လဲ
ခေါင်ခေါင်ရေ ငါ့ကိုမေးနေကြပြီ၊ လုပ်ပါဦး ဘယ်လိုဖြေလိုက်ရမလဲဟင်...... ။
ဟားဟားဟား .. အဲဒီလိုပေါက်ကရပြောနေကြ ပြောမနာဆိုမနာ သူငယ်ချင်းတွေပေါ့။

၂။ သူ့အပေါ်ထင်မြင်ချက် ၅ချက်
-ပွင့်လင်းတယ်
-ဖော်ရွေတယ်
-ချစ်ဖို့ကောင်းတယ်
-မှန်တဲ့ဘက်က ရပ်တည်တတ်တယ်
-ပြတ်သားတယ်

၃။ အမှတ်တရအဖြစ်ဆုံး သူလုပ်ပးခဲ့တာ
တွေ့တိုင်း ကော်ဖီ တိုက်ခိုင်းလို့ ကော်ဖီသောက်တိုင်းသူ့ကိုလွမ်းမိအောင် လုပ်ခဲ့သူပေါ့

၎။ အမှတ်တရအဖြစ်ဆုံး သူပြောခဲ့တဲ့စကား
ငါ့သူငယ်ချင်းလေး အလွမ်းတွေမိနေလားတဲ့....

၅။ သူသာ ကျွန်မချစ်သူဖြစ်လာခဲ့ရင်
သူနဲ့သာ အတူရှိနေရရင် ခွက်ထိုးခွက်လန် ရယ်ရမှာ...
ကော်ဖီပေါင်းစုံလည်း သောက်ဖူးသွားနိုင်တယ်...။
နှစ်ယောက်လုံး ကော်ဖီကြိုက်တော့ ကော်ဖီဖိုးနဲ့လည်း မွဲသွားနိုင်၏.. ဟိဟိ

၆။ ကျွန်မချစ်သူဖြစ်လာခဲ့ရင် သူဘာတွေပြောင်းလဲရမလဲ
အရင်ဆုံးတော့ သူယောကျာ်းလေးဖြစ်အောင်ပြောင်း။ ဒါမှမဟုတ် ကိုယ်က ပြောင်းရမယ်။ ဟဲဟဲ
( ပေါက်ပေါက်ရှာရှာ ဘာဒွေမေးမှန်းရဲတိဘူး... :P )

၇။ သူက ကျွန်မရန်သူဖြစ်နေမယ်ဆိုရင်
သူလည်းသူ့နေရာသူနေပြီး၊ ကိုယ်လည်း ကိုယ့်နေရာမှာ ကိုယ် နေမှာပါ။
(သူ့နေရာလည်း ကိုယ်သွားနေလို့မရပါ တစ်မြေဆီမဟုတ်လား..)

၈။ ရန်သူဖြစ်လာစရာအကြောင်းအရင်းက
...................................................
ရန်သူဖြစ်လာစရာအကြောင်းတော့သိပ်မရှိပါဘူး..။
ကော်ဖီအတွက်နဲ့တော့ ရန်သူဖြစ်မလာနိုင်ပါ..။ ချစ်ကြတာ ချစ်ကြတာ....။

၉။ သူ့အတွက် ဆန္ဒအရှိဆုံး လုပ်ပေးချင်တာလေး
သူ့ကို အင်းထဲကို ပို့ပေးချင်တယ်...

၁၀။ သူ့အပေါ်ခြုံပြီးသုံးသပ်ကြည့်ရင်
သူ့ကိုခြုံကြည့်ရင် အညာစောင်လောက် နွေးမယ်မထင်ဘူး.. ဟီးဟီး... နောက်တာ..
သူ့စိတ်ကိုသူကောင်းကောင်းနားလည် နေသောသူ...

၁၁။ ကျွန်မပေါ် ပတ်ဝန်းကျင်ရဲ့ထင်မြင်ချက်တွေကို ဘယ်လိုမြင်လဲ
အကောင်းပြောနေလျင် ကိုယ် စိတ်ချမ်းသာအောင် ပြောနေခြင်းဖြစ်သလို
အဆိုးပြောနေလျင် သူ့စိတ်ချမ်းသာအောင် သူပြောနေခြင်းဖြစ်သည်ဟု.....
(ဤနေရာတွင်“သူ”သည် ပတ်ဝန်းကျင်ကို ဆိုလိုခြင်းဖြစ်သည်)

၁၂။ ကိုယ့်ကိုယ်ကို ကျေနပ်မိတဲ့ characteristics လေးပြောပြပါ
ပျော်ပျော်နေတယ်၊ သွေးအေးတယ်။

၁၃။ ကိုယ့်ကိုယ်ကို အမုန်းဆုံး characteristics
အစွဲအလမ်းကြီးတာ၊ သံသယကြီးတာ ။

၁၄။ ကိုယ်အဖြစ်ချင်ဆုံးလူစားမျိုးက
ကိုယ့်စိတ်ကိုယ်သိ၊ ကိုယ့်လမ်းကိုယ်လျှောက်၊ ကိုယ့်အိမ်မက် ကိုယ်အသက်သွင်းနေသူ။

၁၅။ ချစ်ခင်ဂရုစိုက်တဲ့သူတွေကို ပြောချင်တာက
သဉ္ဇာ့ကမ္ဘာလေးမှာ ရှိနေပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့။

ခေါင်ခေါင်ရေ ရပြီမှတ်လားဟေ....။ ရလိုက်တော့နော်...လိမ္မာတယ် ကော်ဖီတိုက်မယ်.. ဟဲဟဲ

သေရမှာထက် ကြောက်မိတယ်.....

သိုးဆောင်းဘာသာစကားမှ ဝေါဟာရတစ်လုံးက ခုတလော ခေါင်းထဲတွင်စိုးမိုးနေသည်။ Update ဟူသောစကားလုံး။

ယခင်ကတည်းက ထိုဝေါဟာရ ရှိခဲ့ပါသည်။ သတင်းခေတ်သို့ရောက်လာပြီး ကွန်ပျူတာများ တွင်ကျယ်လာသောအခါ ထိုဝေါဟာရကို ပိုမိုအသုံးများလာသည်။

Update သည် ရက်စွဲမီအောင် ပြုလုပ်ယူသည် ဟူသော အနက်ရင်းရှိသည်။ သူ့ဆက်ကျင်ဘက် ဝေါဟာရမှာ out dated ဖြစ်သည်။ အနက်အဓိပ္ပာယ်မှာ“ရက်လွန်၊ ခေတ်ဆွေး”ဟူသော သဘောကိုဆောင်သည်။ မြန်မာတချို့ပင် ယင်းကို
“ဒိတ်အောက်နေပြီ” ဟု ကြားညှပ်သုံးစွဲသည်အထိ ထိုစကားလုံးက တွင်ကျယ်နေပါပြီ။

ဆိုတော့ update သည် ခေတ်နှင့်ရင်ပေါင်တန်းအောင် လုပ်ယူ သည်ဟူသော အနက်ကိုရလာသည်။ မြန်မာစာအဖွဲ့က ထုတ်ဝေသော အင်္ဂလိပ်-မြန်မာ အဘိဓာန်တွင်လည်း ခေတ်နှင့်အညီ မွမ်းမံသည် ဟု အနက်ဖွင့်ပေးထားပါသည်။

ဆိုကြပါစို့ ဆရာယုဒဿန်၏ မြန်မာ-အင်္ဂလိပ် အဘိဓာန်သည် ယခုခေတ်တွင် အသုံးမဝင်လှတော့။ ၁၉ ရာစုနှောင်းပိုင်းတွင် ပြုစုခဲ့သော အဘိဓာန်ကို နှောင်းလူတို့က ခေတ်မီအောင် ဖြည်းဖြည်းချင်း မွမ်းမံ မယူခဲ့ကြသောကြောင့် လွန်ခဲ့သော နှစ် ၂၀ ခန့်ထိ ထိုအဘိဓာန်ကို မရှိသုံးအဖြစ်ဖြင့်သာ ကြိတ်မှိတ် သုံးနေခဲ့ရသည်။

ယခုအခါတွင်မူ မြန်မာစာအဖွဲ့က ထုတ်ဝေလိုက်သော မြန်မာ-အင်္ဂလိပ် အဘိဓာန်ကြီး ပေါ်လာခဲ့လေပြီ။ ထိုအဘိဓာန်ကို ၁၉၉၃ ခုနှစ်တွင် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ ယခုထက်တိုင်တော့ ခေတ်မီနေဆဲဟု ပြောနိုင်သေးသည်။ သို့ရာတွင် ထိုအဘိဓာန်ထဲသို့ ဝေါဟာရသစ်များ ဖြည့်စွက်ပေးရန် လိုလာပေပြီ။

၁၉၉၃ ခုနှစ်ထုတ်တွင် ဆင်ဆာ၊ ဆင်ဒီကိတ် အစရှိသော မြန်မာသံဖလှယ်ကာ တွင်ကျယ်စွာသုံးနေသော ဝေါဟာရများပါသည်။ သို့ရာတွင် ဆယ်လူလာဖုန်း ဆိုတာ မပါသေး။ ယခုနှစ်များမှာပင်လျှင် ဆယ်လူလာဖုန်း၊ ခြင်းဖုန်း ဟူသော ဝေါဟာရသစ်များသည် နေ့စဉ် လူမှုဘဝထဲတွင် အသစ်အသစ် ပေါ်လျက်ရှိသည်။ ထိုဝေါဟာရများကိုပါ ဖြည့်စွက်ပေးနိုင်ပါမှ ခေတ်နှင့်ရင်ပေါင်တန်းနိုင်မည်။ ယင်းကို update လုပ်သည်ဟု ပြောကြပါသည်။

အလားတူပင် စာရင်းဇယား၊ ကိန်းဂဏန်း၊ စာအုပ်စာတန်းတချို့ကိုလည်း update လုပ်ဖို့လိုသည်။ တခြားမပြောနှင့် အိမ်သုံးစရိတ်၊ ဝင်ငွေ ထွက်ငွေစာရင်းပင် မနှစ်ကနှင့် သည်နှစ် ဘယ်လိုနည်းနှင့်မှ တူစရာအကြောင်းမရှိချေ။

ရက်စွဲမီအောင် လုပ်သည်ဟု အနက်ရင်းမှ ပွားလာကာ ခေတ်မီအောင် မွမ်းမံသည် ဟူသောစကားလုံး update ကလူသားများ၏ အသိဥာဏ်၊ အစွဲနှင့် အယူအဆများကို ခြယ်လှယ်နေပုံ ကား ပြောမဆုံးပေါင် တောသုံးထောင်။

တစ်ချိန်က လူမမာကို နွားနို့်သောက်ရန် ဆရာဝန်များက တွင်တွင်ညွှန်ကြားဖူးသည်။ ယခုအခါ နွားနို့တွင် ကိုယ်ခန္ဓာအတွက် ဘေးဖြစ်စေနိုင်သော ကိုလက်စရောဓါတ်တွေ ပါဝင်နေသဖြင့် ဆရာဝန်တွေက နွားနို့သောက်ရန် မညွှန်ကြားကြတော့။ အလားတူပင် လွန်ခဲ့သော ဆယ်နှစ်လောက်ထိ ဆေးထိုးလျှင် ရောဂါမြန်မြန်ပျောက်သည်ဟု လူတိုင်း လိုလိုစွဲနေကြသည်။ ယခုခေတ်တွင် မလိုအပ်ဘဲ ဆေးမထိုးသင့်ဟူသော အသိကို ရလာကြပြီ။

တစ်ခေတ်ဆီက အမျိုးကောင်းသမီးများသည် လက်ဖက်ရည်ဆိုင်ထဲသို့ ဝန်ရန် လုံးဝ မဝံ့ရဲခဲ့ကြ။ ယခုခေတ်တွင် အမျိုးသမီးတွေ လက်ဖက်ရည်ဆိုင်ထိုင်ရမှာ ဝန်မလေးကြတော့။ ယခင်က လက်နှိပ်စက် သင်တန်းတွေ ပလူပျံနေခဲ့ဖူးသည်၊ အခုခေတ်ကျတော့ ကွန်ပျူတာ သင်လာကြသည်။ တစ်ခေတ်က မိန်းကလေးပဲ သေစာရှင်စာလောက်တက်ရင် တော်ရောပေါ့ဟု အများစုက အောက်မေ့ခဲ့ကြသည်။ အခုခေတ်မှာတော့ ဌာနအဖွဲ့အစည်းစုံမှာ ယောက်ျားလေးဝန်ထမ်းအင်အားထက် မိန်းကလေးအင်အားက ပိုများတာတွေပင် ရှိနေပြီ။

ထိုအခါ လက်ရှိအခြေအနေနှင့် ရင်ပေါင်တန်းနိုင်အောင် update လုပ်ခြင်းသည် ရှင်နေသော လူ့ဘဝ၏ လိုအပ်ချက်ဖြစ်နေသည်။

ဟုတ်သည်။ လူသည် အသက်ရှင်နေသည်။ ရှင်နေသမျှ ပြောင်းလဲနေသော ပတ်ဝန်းကျင်ထဲတွင် နေကြစမြဲဖြစ်သည်။ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင်၊ တစ်နည်းအားဖြင့် ခေတ်နှင့် လိုက်လျောညီထွေဖြစ်အောင် နေနိုင်ရေးအတွက် အရာရာကို ခေတ်နှင့် ညှိယူကြရသည်။

ထိုအရာရာဆိုသည့်အထဲတွင် လူတစ်ဦးချင်းစီ၏ အသိဥာဏ်၊ အစွဲနှင့် အယူအဆလည်း ပါသည်။ ရှင်နေသမျှ ကာလပတ်လုံး (ဝါ) မသေမချင်း အသိဥာဏ်ကို ခေတ်နှင့်အညီ မွမ်းမံနိုင်ပါမှ တန်ကာကျမည်။ သေလွန်သွားမှသာ လူတစ်ယောက်အနေဖြင့် ထိုတစ်ဘဝတာ အတွက် update လုပ်စရာမလိုတော့တာ ဖြစ်ပေမည်။

သို့ရာတွင် လူတိုင်းလူတိုင်းက ထိုသို့မိမိကိုယ်ကို ခေတ်မီအောင် မွမ်းမံလေ့မရှိကြသည်ကား အမှန်ပင်။ တချို့ကလည်း ထိုသို့ မွမ်းမံယူရကောင်းမှန်း မသိ။ တစ်ချို့နေရာတွေမှာဆို ကိုယ်ကိုတိုင်ရဲ့အယူအဆတွေက ထိပ်ဆုံးက ပါနေသေးသည်။ တစ်ခါတစ်လေ သူများတွေ ရိုးရိုးစင်းစင်းလေး တွေးသွားတဲ့နေရာမျိုးမှာ ကိုယ့်အတွက်ကျတော့ ခက်ခဲလွန်းနေတတ်တယ်။ ဒီအယူအဆကို လက်ခံလိုက်ဖို့ ကိုယ့်အတွက် တော်တော်လေးကို မလွယ်ကူတာ ကြုံလာရတယ်။ ကိုယ့်အတွေးအခေါ်တွေကပဲ update လုပ်ဖို့ လိုအပ်နေလို့များလား ၊ ကိုယ့်ရဲ့ အစွဲတွေ၊ အတ္တတွေကပဲ ခေတ်လွန်နေလေပြီလား... ။

ရှင်လျှက်နှင့် သေသည် ဆိုတာ ဘဝမှာ စဉ်းစားတွေးခေါ်မှုနဲ့ ဦးဏှောက်ရင့်ကျက်မှုနှုန်း နှေးကွေးရပ်တန့်နေသည်မျိုးလား ဟုတွေးနေမိပါသည်။ အသက်ရှင်နေပါလျက်နှင့် အသိဥာဏ်၊ အတွေးအမြင်များ သေနေခြင်းအား ရှင်လျက်သေသည်ဟုသာ ခေါ်ဆိုအပ်သည်ဟု ထင်ပါသည်။

သေခြင်းတရားကို စဉ်းစားဖူးသလို သေလိုက်ရမှာကိုလည်း သိပ်တော့ အကြောက်ကြီးမဟုတ်ပါ။ သို့သော် ရှင်လျက်နှင့် သေသွားမှာကိုတော့ လွန်စွာ ကြောက်လှပါသည်။