လူ ၅ မျိုး

ဒီ ငါးမျိုး ငါးလူ ကတော့ ဆရာ အတ္တကျော် ရဲ့ စာအုပ်ထဲမှာ ဖတ်ဖူးတာလေးပါ။ သူငယ်ချင်းတွေလည်း ဖတ်၊ မှတ်လို့ရအောင် ရေးလိုက်တာပါ။ သူပြောတာက လောကမှာ လူ ၅ မျိုးသာ ရှိတဲ့အကြောင်းပါ။

ပထမ တစ်မျိုးက အဝတ်အစား ဝတ်ထားတဲ့ တိရစ္ဆာန်သာသာ လူစား( Mere animals wearing clothes)တဲ့။ အဲဒီလူမျိုးတွေက တိရစ္ဆာန်လိုပဲ အိပ်၊ စား၊ ကာမ ထိုသုံးဝနဲ့ပဲ ဘဝကို အချိန်ကုန်နေကြ၊ တိရစ္ဆာန်လိုပဲ စိတ်ကူးထဲပေါ်တာတွေ အကုန်လုံးလျှောက်လုပ်ကြ၊ အာရုံရင် ရသလို ထင်ရာစိုင်းလိုက်ကြနဲ့မို့ တကယ်တမ်းမှာ တိရစ္ဆာန်က အဝတ်အစားဝတ်ထားတာလောက်ပဲ ရှိပါတယ်။ ဒါကြောင့် လူငါးမျိုးထဲမှာ အနိမ့်ဆုံး အမျိုးအစားလို့ သရုပ်ခွဲပြထားပါတယ်။

ဒုတိယ တစ်မျိုးကတော့ ပထမ ထက် အနည်းငယ် သာပါတယ်တဲ့။ အဲဒါကတော့ အခွင့်အရေးသမားတွေ( oppourtunists)တဲ့။ သည်အမျိုးအစားကတော့ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့စိတ်ဓာတ်နဲ့ ကိုယ့်အခွင့်အရေးအတွက် ဘာမဆို လုပ်ကိုင်ဆောင်ရွက်ဖို့ ဝန်မလေးသူတွေပါတဲ့။

တတိယ တစ်မျိုးကျတော့လည်း ဒုတိယအမျိုးထက် နည်းနည်းသာသွားပြန်ရောတဲ့။ အဲဒီတစ်မျိုးကတော့ ဘဝရပ်တည်မှုအတွက် အားထုတ်သူများ (careerists) ပါ။ သူတို့ကတော့ အတက်ပညာ၊ အသိပညာ၊ ဝါသနာ၊ အစွမ်းအစ တစ်ခုခုကို ထုတ်သုံးပြီး ဘဝရပ်တည်ရေးအတွက် ဆောင်ရွက်နေသူများဖြစ်ပါတယ်။

စတုတ္ထ တစ်မျိုးကတော့ စာရိတ္တမဏ္ဍိုင်ကို ခိုင်အောင် ထိန်းသိမ်းသူများ(men of principle)ဖြစ်ပါတယ်။ လျှာမှာ မြက်ပေါက်ပါစေ၊ သည်လိုအလုပ်မျိုးကိုဖြင့် မလုပ်ဘူး။ မိုးပြိုရင် ပြိုပါစေ၊ မတရားတာတော့ မလုပ်ဘူး စသဖြင့် မိမိရဲ့ ယုံကြည့်ချက်၊ ရပ်တည်ချက်ကို အပွန်းအပဲ့ မခံသူများ ဖြစ်ပါသတဲ့။

အဲ.. နောက်ဆုံး ပဉ္စမ တစ်မျိုးကတော့ သူတော်စင်များ (saints)ပါတဲ့။ မိမိရဲ့ကိုယ်ကျိုးကို လုံးဝကို ထည့်သွင်းစဉ်းစားခြင်းမရှိတော့ဘဲ အများအတွက် ဆောင်ရွက်နေတာ၊ အများသူငါပေါ် မေတ္တာစေတနာသန့်စင်စွာ ထားရှိနိုင်တာ၊ အတ္တအနည်းဆုံးနေနိုင်တာများနဲ့ ပြည့်စုံနေသူ သူတော်စင်များပါတဲ့။

ဒါလေးကိုဖတ်ပြီးတော့ စဉ်းစားကြည့်မိတယ် ကိုယ့်ကိုယ်ကို၊ ငါဘယ်လိုလူမျိုးလဲပေါ. ။ သူတော်စဉ်ဖြစ်ဖို့ကတော့ အဝေးကြီးပါပဲ သူများအပေါ်မေတ္တာထားနိုင်ပေမယ့် တစ်ခါတစ်ခါ ကိုယ့်အတွက်တော့ ကိုယ်ကျိုးကိုကြည့်မိတတ်သေးတယ်။ အတ္တကလည်း ကြီးထားလိုက်တာ။ မာနကလည်း အရမ်းမကြီးဘူးဆိုပေမယ့်၊ သိကြတဲ့အတိုင်း လူမှန်ရင်တော့ ကိုယ့်မာနနဲ့ကိုယ်က ရှိကြတာပဲလေ...။
စတုတ္ထတစ်မျိုးမှာရောပါနိုင်သလား၊ စာရိတ္တမဏ္ဍိုင်ကို မယိမ်းမယိုင် ထိန်းနိုင်သူလား ? ဟုတ်ကဲ့..။ ဟုတ်ကဲ့ဆိုလို့ သဉ္ဇာ့ကို အဲလိုလူလို့မထင်လိုက်ပါနဲ့ဦး...။ အဲလိုမျိုးလေးဖြစ်အောင် ကြိုးစားနေဆဲပါ။ အင်းကျန်တဲ့ သုံးမျိုးထဲမှာတော့ ပထမ ဆုံးအမျိုးအစားမှာ မပါချင်တာတော့ အမှန်ပါ၊ ဒါပေမယ့် ထင်ရာစိုင်းတတ်တုန်းပါပဲ။ ပထမ ၃မျိုးထဲမှာ ကိုယ်ရှိနေတယ်ဆိုတာ သိပေမယ့် ပထမဆုံးအမျိုးအစားထဲမှာ မပါနိုင်သမျှ မပါအောင် ကြိုးစားနေရပါတယ်ရှင်...။ သူငယ်ချင်းတို့လည်းခဏလောက်ဖြစ်ဖြစ် စဉ်းစားကြည့်စေချင်ပါတယ်။

6 ယောက်အားပေးခဲ့တယ်:

ဒါမျိုးကျတော့ကော???
မိမိရဲ့ကိုယ်ကျိုးကို လုံးဝကို မစဉ်းစားဘဲ မတရားတဲ့အလုပ်မျိုးကို လျှာမှာ မြက်ပေါက်ပါစေ၊မိုးပြိုရင် ပြိုပါစေ မလုပ်ပေမယ့် အစွမ်းအစ တစ်ခုခုကို ထုတ်သုံးပြီး ဘဝရပ်တည်ရေးအတွက် ဘယ်သူသေသေ ဆိုတဲ့စိတ်ဓာတ်နဲ့ ဘာမဆို လုပ်ကိုင်ဆောင်ရွက်ဖို့ ဝန်မလေးတဲ့ ထင်ရာစိုင်းတဲ့ လူ

 

tyne ရေ လျှာမှာမြက်ပေါက်ရင် ပေါက်ပါစေ မတရားတာတော့ မလုပ်ဘူးလို့ ခံယူထားတဲ့သူက
ဘယ်သူသေသေ ဆိုတဲ့ လုပ်ရပ်မျိုး လုပ်ပါ့မလား ?

 

ကောင်းတယ်ဟာ ဒီပို့လေးကို ကူပြီးဖော်ပြခွင့်ပြု။ငါကဒါလေး
ကိုစဉ်းစားစရာအနေနဲ့ပြန်ရေးထားတယ်။
နင်လာကြည့်အုန်း။ သဘောမကျရင်လည်း
နောက်မလုပ်ပါဘူး။

 

ပဌ္စမမြောက် အမျိုးအစားထဲတော့ မပါသေးဘူးထင်တယ်။ စတုတ္ထမြောက်ထဲက မလွတ်သွားအောင်တော့ အမြဲကြိုးစားနေတယ်ဗျး)

 

ကျနော်ကတော့ ဘယ်အမျိုးအစားထဲမှာမှ မပါတဲ့ သူဖြစ်နေပြီထင်ပါရဲ့ဗျာ။
ကိုယ်ကြိုးလဲမကြည့် ဘနဖူးသိုက်လဲမတူး၊ သူများအကြိုးလဲ မသိ၊ အချောင်စားတဲ့လူလဲမဟုတ်၊ ပေါချောင်ကောင်းလဲ မလိုက်၊ ကိုယ့်ဘို့သာကိုယ်ကြည့်တဲ့ နွားလဲမဟုတ်၊
အိပ်၊စား၊ကာမ ထိုသုံးဝကလဲ အိပ်၊စားကတော့ အသက်ရှင်ရပ်တည်နိုင်ဖို့တော့ လုပ်ရသေးတယ်ဗျ၊ ၀ါသနာကလဲ ဘာကို ၀ါသနာပါမှန်းကိုမသိတာ၊ မာနကလား ဘယ်လို ကြီးရသလဲဟင်၊
ငပျင်းလားဆိုတော့ မဟုတ်ပြန်ဘူး၊
လက်ရှိအလုပ် လုပ်ပြီး မိဘဆွေမျိုးတွေကိုလဲ ထောက်ပံ့ ကိုယ်လဲသုံးပေါ့နော်၊
ကဲ ကျနော် ဘယ်လိုသတ္တ၀ါလေးဆိုတာ သိရင်ပြောပါဦးနော်။

 

ကိုအိမ်ရေ ...
အဟမ်းအဟမ်း.. ထင်တာတွေရမ်းတုတ်တော့မယ်နော်
မှားရင်သည်းခံ.. ဟဲဟဲ
အကိုကကျတော့ သူများကိုမထိခိုက်စေဘဲ ကိုယ့်စိတ်ထဲမှာ ရှိနေတဲ့အတိုင်းလေးဘဲ လွတ်လွတ်လပ်လပ် နေတတ်တယ်ထင်ပါရဲ့.. ဘာကိုမှ
သိပ်အလေးအနက်တွေးမနေပဲ ကိုယ့်မှာရှိနေတဲ့တာဝန်ကိုပဲ ကိုယ်ကျေအောင် လုပ်နေတဲ့သူလို့ထင်ပါတယ်။
..............
ထင်တာပြောတာနော် မှားရင် ချိတ်ချိုးရဘူးနော် :P