စိန်နားကပ်၊ စိန်အတု နဲ့ ပါးများအကြောင်း

ဒီတစ်ခါတော့ စိန်အစစ်တွေ၊ စိန်အတုတွေ နဲ့ ပါးတွေအကြောင်း ဝေမျှပေးမှာပါ။ ဒီလိုပြောနေလို့ သဉ္ဇာ တစ်ယောက် စိန်ရောင်းဝယ်ရေး လုပ်နေပြီလားလို့ မထင်လိုက်ပါနဲ့။ ဆရာ အတ္တကျော် ရဲ့ စာအုပ်ထဲကနေ ဝေမျှပေးတာပါ။

ဘဝမှာ တချို့လူတွေက“စိန်နားကပ်”ဖြစ်လာကြတယ်။ တချို့တွေကကျတော့“စိန်အတု”၊ အဲ..တချို့ကကျတော့
“ပါး”တွေဖြစ်ကုန်ကြပါတယ်။ နေ့စဉ်လူနေမှုဘဝကို တစေ့တစောင်းကြည့်မိရင် အဲဒီအတိုင်းပဲ တွေ့နေရတယ်။ ဒီတော့ ကိုယ့်ကိုယ်ကို ပြန်စဉ်းစားကြည့်မိတယ် ကိုယ်ကရော၊ စိန်နားကပ်လား၊ စိန်အတုလား၊ ပါးလားပေါ့။

နာမည်ကျော်ရင်၊သြဇာရှိရင်၊ ရာထူးကြီးရင်၊ တစ်ခုခုမှာ သိပ်တော်နေရင် အဲလိုလူရဲ့အနားမှာ လူတွေ ဝိုင်းနေတတ်ပါတယ်။ လူကြီးတွေတင်လားဆိုတော့ မဟုတ်ဘူး၊ ကလေးဘဝမှာကတည်းက အဲလို အမူအကျင့်လေးတွေ စတွေ့ခဲ့ရဖူးကြတာပါ။

အတန်းထဲမှာ စာတော်တဲ့ကျောင်းသားတွေရှိသလို၊ ဘယ်သူ့သား၊ ဘယ်ဝါ့သား ဆိုတာတွေလည်းရှိပါတယ်။ အဲလို ကျောင်းသားတွေနားမှာ အခြွေအရံဆိုတာ ပေါမှပေါ။ စာတော်တဲ့သူနားမှာသာ မပေါရှိရမယ်၊ ဘယ်သူ့သား၊ ဘယ်ဝါ့သားနာမှာတော့ ဝိုင်းဝိုင်းကိုလည်လို့။ လူမှန်းသူမှန်း မသိတသိ ကလေးဘဝကတည်းက “မျက်နှာကြီးဆာ”တယ်ဆိုတာကို သတိထားမိခဲ့ဖူးပါတယ်။

ကိုယ့်မှာတော့ မူလကတည်းက ရှိနေတဲ့ သိမ်ငယ်စိတ်ကြောင့်လားတော့မသိဘူး။ အဲသလို ဝိုင်းနေသူတွေကိုဆို ဝေးဝေးက ရှောင်ဖြစ်ခဲ့ တယ်။ အဝိုင်းခံရသူအပေါ် မရှုဆိတ်တဲ့စိတ် မဖြစ်ခဲ့ပေမယ့် ဝိုင်းနေသူတွေကိုတော့ တစေ့တစောင်း အကဲခတ်မိခဲ့တာ ငယ်ငယ်ကတည်းကပါပဲ။

ကြီးလာလို့ လူတောသူတောထဲ ရောက်လာတော့ လူတွေရဲ့အဲဒီ အမူအကျင့်ကို ပိုပြီး ပြက်ပြက်ထင်ထင် မြင်လာရပါတယ်။ လူရွယ်လူလတ်တွေတောင် မဟုတ်ဘူး၊ လူအိုလူမင်းတွေမှာတောင် အဲသလို ဝိုင်းချင်တဲ့ စရိုက်လေးတွေ ရှိနေတာ မြင်ရတယ်။

အဲဒီမှာ ဘာသွားတွေ့လည်းဆိုတော့“ပင်ကိုအရောင်အဝါ”ဆိုတာပါ။ ပင်ကိုအရောင်အဝါ ထွက်လာဖို့အတွက်က ပင်ကိုအစွမ်းအစနဲ့ အရည်အချင်းရှိနေဖို့ လိုပါတယ်။ ပြောင်းပြန်ပြောရရင် ပင်ကိုအစွမ်းအစ၊ အရည်အချင်း မရှိသူများမှာ ပင်ကိုအရောင်အဝါ မရှိပါဘူး။ သည်အခါမှာ ပင်ကိုအရောင်အဝါရှိသူတို့ရဲ့ အရိပ်ကို ခိုလှုံပြီး မိမိကို လူမြင်အောင်အားထုတ်ရတော့တာပါ။

အဲသလို တစ်ယောက်ယောက်ရဲ့ အရောင်အဝါကို အားပြုလိုက်ရင်းက“သူကတော့ ကိုဘယ်သူ့ရဲ့ ညာလက်ရုံးကြီးပဲ” ဆိုတာလောက်များ ဖြစ်သွားပြီဆိုရင် အဲလိုလူတွေအတွက် ဘဝဟာ ပြီးပြည့်စုံသွား တတ်စမြဲပါ။ အမှန်တော့ သူဟာ တခြားသူရဲ့အရိပ်ကိုခိုပြီးမှ မိမိရဲ့ဖြစ်တည်မှုလေးအတွက် အသက်ဆက်နေရတဲ့ဘဝ ကို ရောက်မှန်းမသိ ရောက်နေတာပါပဲ။

တချို့ကတော့ တော်တယ်။ သူတို့က အရောင်အဝါရှိသူရဲ့ အရိပ်ကို ခိုတာတော့မှန်တယ်။ ဒါပေမယ့် အဲဒီလူရဲ့အရောင်အဝါကိုမီပြီး မိမိ ထွန်းလင်းတောက်ပလာဖို့ လုံးဝအားမထုတ်ဘူး။ မိမိရဲ့ ပင်ကိုအရည်အချင်း အစွမ်းအစကို ချွန်မြလာအောင် အဲဒီလူရဲ့အရိပ်ကို ခိုရင်းက ကြိတ်ကြိုးစားတယ်၊ အားထုတ်နေတယ်၊ လုံ့လစိုက်နေတယ်။တစ်ချိန်မှာ အဲဒီရောင်အဝါရှိသူရဲ့ အရိပ်အောက်ကလွတ်အောင် ရုန်းထွက်လိုက်ပြီး မိမိကိုယ်ပိုင်အရည်အချင်းအစွမ်းအစနဲ့ ရပ်တည်နိုင်အောင် ဆောင်ရွက်ကြတယ်။ မိမိခိုလှုံသူရဲ့ အားနည်းချက်တွေ၊ အားသာချက်တွေကို အနီးကပ်လေ့လာ သင်ခန်းစာယူပြီး မိမိကိုယ်တိုင်ရပ်တည်တဲ့အခါမှာ အမှာနည်းအောင်လုပ်ယူတယ်။ အဲသလိုလူမျိုးကတော့ စိန်နားကပ်ရောင်ကြောင့် ပြောင်တဲ့ပါး မဟုတ်တာ သေချာတယ်။ သူတို့က ကိုယ့်ကိုယ်ကို စိန်နားကပ်ဖြစ်အောင် လုပ်ယူခဲ့ကြတာပဲ။

အဲ... တစ်ချို့ကတော့ ဝိုင်းတဲ့အထဲလည်း မပါဘူး၊ မှီတဲ့ အထဲလည်းမပါဘူး။ သူ့ဘာသာသူရပ်တည်နိုင်တဲ့ စိန်နားကပ်တွေ။ သည်လိုလူတွေလည်းတော်ပါတယ်။ အဲ.. တစ်ချို့ကျတော့ ဝိုင်းတဲ့အထဲလည်း မပါ၊ မှီတဲ့အထဲလည်းမပါတာတော့ မပါဘူး။ ဒါပေမယ့် ကိုယ့်ဘာသာ ရပ်တည်နိုင်အောင်လည်း အားမထုတ်ဘဲ၊ တစ်ယောက်ယောက်ရဲ့အရှိန်အဝါကို ပြောင်ပြောင်တင်းတင်း ပုံတူကူးတဲ့ စိန်နားကပ် အတုတွေဖြစ်လာကြတယ်။ အများသုံးစကားနဲ့ပြောရရင်“ဒုတိယ ဖိုးစိန်”တွေပေါ့။

စိန်တစ်လုံး ဆိုတဲ့မုန့်ဟင်းခါးဆိုင်ကအလုပ်ဖြစ်နေရင် ကိုယ်ကတစ်လုံးစိန် ဆိုတဲ့နာမည်မျိုးနဲ့ မုန့်ဟင်းခါးပဲ လိုက်ရောင်းတာမျိုး၊ မောင်ဘဆိုသူက ဗေဒင်မှာ နာမည်ကြီးနေရင် မောင်ဘာဆိုတဲ့ မနီးရိုးစွဲ နာမည်မျိုးနဲ့ ဗေဒင်လိုက်ဟောတာမျိုးဟာလည်း ဒုတိယဖိုးစိန် အလုပ်တွေပါပဲ။ ရပြီးသားနာမည်၊ ထင်ပေါ်ပြီးသားနာမည်ကို သုံးပြီး ဆင်တူ ရိုးမှားလုပ်ရင်း မရိသတ်ကို ပုံမှားရိုက်ဖို့ အားထုတ်တာပါပဲ။ ဒါကတော့ စိန်အတုတွေပေါ့။

ဘဝမှာ စိန်နားကပ်ဖြစ်ချင်သလား၊ စိန်အတုဖြစ်ချင်လား၊ ပါးဖြစ်ချင်သလား။ တကယ်တော့ လူတိုင်းမှာ ကိုယ့်ဘဝကို ကိုယ်ကိုယ်တိုင်ပဲ ရွေးချယ်ခွင့်တွေ၊ ဖန်တီးခွင့်တွေ ရှိနေတာမဟုတ်လား။

နားလည်သလောက်ပြောရရင်တော့ ဘယ်သူမှ ပါးမဖြစ်ချင်ဘူးထင်ပါတယ်။ ဒါပေမယ့် လူလုံးပြချင်တဲ့ ဇောကြောင့် အရောင်အဝါရှိသူတွေ အနား ပြေးပြေးကပ်ရင်း ပါးဖြစ်မှန်းမသိ၊ ဖြစ်ကုန်ကြရတာလည်း လူတော်တော်များများပါပဲလေ။

ဒါလေးက ဆရာအတ္တကျော်ရဲ့ စာအုပ်လေးထဲကပေါ့ ခုတောင် ရေးနေရင်းနဲ့ ကိုယ့်ကိုယ်ကို စိန်အစစ်လား၊ အတုလား၊ ပါးများဖြစ်နေတာလားဆိုတာ တွေးနေမိပါတယ်။ စိန်အတုမဖြစ်တောင် ပါးဖြစ်ကောင်း ဖြစ်ခဲ့ဖူးပါတယ်၊ ဆိုလိုချင်တာက မိဘ ရဲ့ တာဝန်ကျေပွန်မှုနဲ့ ပါးပြောင်ခဲ့ဖူးတာကိုပြောတာပါ။ ဆပ်ပြာကောင်းလို့ ခေါင်းပေါင်းဖြူခဲ့ပါတယ်။ ခုတော့ ဒီခေါင်းပေါင်းလေး ကိုပဲ ကိုယ့်အစွမ်းနဲ့ကိုယ် ဆက်ဖြူနေအောင် တက်နိုင်သလောက်ကြိုးစားလုပ်ဆောင်နေပါ့မယ်။ ကိုယ်တိုင်က စိန်အကြီးကြီးတစ်လုံး မဖြစ်နိုင်တောင်မှ စိန်အစစ် သေးသေးလေးလောက်တော့ ဖြစ်ချင်ပါတယ်။ ဘယ်လောက်ပဲသေးငယ်ပါစေ စိန်အစစ်ပဲ ဖြစ်ချင်ပါတယ်။

4 ယောက်အားပေးခဲ့တယ်:

အင်း ကိုယ့်ဘာသာဘာဖြစ်နေလည်းမသိ..... တစ်ခုခုတော့ဖြစ်မှာပဲ စိတ်ဝင်စားစရာပို့စ်ပဲ မမသဉ္ဇာ ...
မိဘအရိပ်အောက်မှာ ပါးပြောင်ခဲ့ဖူးတာတော့ဟုတ်တယ် :)

 

ကောင်းလိုက်တဲ့ပို့စ်ဗျာ။ ရေးသင့်တယ်။ တကယ့်ကို အဲ့လိုလူတွေ အများကြီးရှိလာပြီနော်

 

တန်ဖိုးရှိတဲ့ ပိုစ့်လေး အတွက်ကျေးဇူးပဲ တာဇံရေ...
အခုထိ မိဘအရှိန်အ၀ါနဲ့ ပါးဘ၀က မလွတ်နိုင်သေးဘူး ကွာ..
စိန်အတုတော့ မဖြစ်အောင် ကြိုးစားပါ့မယ်
ကျန်းမာပျော်ရွှင်ပါစေ.. သူငယ်ချင်း.

 

ကောင်းလိုက်တဲ့ စာလေးပါ။ စဉ်းစားစရာတော့ဖြစ်နေပြီ ကိုယ်ဟာ ဘာကောင်လဲဆိုတာ အန်တီပြောမှပဲ သတိထားမိတော့တယ်ဗျာ။
စိန်မဟုတ်တာတော့ သေချာတယ်။
စိန်အတု မဟုတ်တာလဲ ဖြစ်နိုင်ခြေရှိတယ်။
ပါးလဲ မဟုတ်ပါ။
အကောင်းဆုံးကတော့ မြန်မာစကားပုံလိုပဲ
ကိုယ့်မျက်ချေး ကိုယ်မမြင်နိုင်သလိုပါပဲ
ကိုယ်ဟာဘာလဲ ဆိုတာ ကိုယ်တိုင်ဆုံးဖြတ်တာထက် တခြားသူတွေ ဆုံးဖြတ်တာပဲ လက်ခံလိုက်ရကောင်းမလားဟင်