“တစ်ဖက်လူဆီက ကိုယ် ဘာလက်ဆောင်မျိုး မျှော်လင့်ပါသလဲ ?
အဲဒီအရာကို လက်ဆောင်အဖြစ် သင်က အရင်ပေးပါ ”
တစ်ချို့က အားပေးစကားတွေလိုအပ်နေတတ်တယ်၊ တစ်ချို့က ချီးကျူးစကားတွေ လိုအပ်တယ်၊ တစ်ချို့ကတော့ ဂရုစိုက်မှုကို လိုအပ်နေကြပါတယ်။ ကိုယ်က အားပေးစကားလေးတစ်ခွန်း၊ ချီးကျူးစကားလေးတစ်ခွန်း ပြောလိုက်ရတာ ဘာမှ ဝန်မလေးပေမယ့်၊ ကိုယ့်ရဲ့ သူ့အပေါ်ထားလိုက်တဲ့ ဂရုစိုက်မှုလေးတစ်ခုက သူ့အတွက် အရမ်းကိုအားဖြစ်ထွန်းစေခဲ့မယ်ဆိုရင် သင်“ပီတိ” ဆိုတဲ့ဝမ်းသာခြင်းကို ခံစားရမှာအမှန်ပါပဲ။ ဂရုစိုက်မှုဆိုတာ ပိုက်ဆံတွေ အများကြီး အကုန်ခံပြီး တန်ဖိုးကြီးတာတွေ ဝယ်ပေးမှ ဂရုစိုက်တယ်လို့ ခေါ်တာ မဟုတ်ပါဘူး။ သမရိုးကျ အပြုအမူလေးတွေကပဲ ဂရုစိုက်မှုကို ဖော်ပြ နေတာပါ။ အထူးသဖြင့် မိသားစုနဲ့ခွဲပြီး ရေခြားမြေခြားမှာ နေနေကြတဲ့ သူတွေဆို ဒီလိုလက်ဆောင်မျိုးကိုပဲ ပိုပြီးတောင့်တကြမှာပါ။
သဉ္ဇာ့မှာ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ သူ့မှာ မိဘ တွေမရှိကြတော့ဘူး၊ အကိုဖြစ်သူနဲ့မောင်နှမ နှစ်ယောက်တည်း နေကြတာပါ။ သူက အရမ်းကိုတော်ပါတယ်။ မိန်းကလေးတစ်ယောက်အနေနဲ့ဆိုလည်း တော်တော်လေး စိတ်ဓာတ်ကြံ့ခိုင်တယ်လို့ဆိုရမယ်။ တစ်နေ့တော့ သူနဲ့စကားတွေပြောကြရင်းနဲ့ သဉ္ဇာ့ကို သူတစ်ခုပြောလာပါတယ်။ “ငါ နင့် ကိုအားကျတယ်”တဲ့ ။
သဉ္ဇာအံ့သြသွားပါတယ် ရယ်ပြီးတော့တောင်ပြန်ပြောလိုက်သေးတယ် နင်ကပဲ ငါ့ကိုအားကျနေရသေးလား လို့ပေါ့။ အဲဒီတော့မှ သူကပြောပါတယ် နင်က မိဘနဲ့အတူနေနေရတယ်လေ တဲ့ ငါဆိုအိမ်ပြန်ရောက်ရင် ထမင်းစားပြီးပြီလား ဆိုပြီ မေးမယ့်သူတောင် မရှိဘူးတဲ့ သူအဲဒီစကားပြောတာ မျက်ရည်ဝဲမနေပါဘူး ဒါပေမယ့် သူ့ရင်ဘက်ထဲကလာတဲ့ ရိုက်ခတ်မှုနှုန်းကို သဉ္ဇာသိ လိုက်ပါတယ်။ သဉ္ဇာ့သူငယ်ချင်းလေး လိုအပ်နေတာ သူများတွေက ဘာမှသိပ်အရေးမကြီးဘူးလို့ထင်တဲ့ သမရိုးကျမေးခွန်း လေးတွေနဲ့ သမရိုးကျ အပြုအမူလေးတွေပါ ။
အဲဒီနေ့ကစပြီး နေ့တိုင်းမဟုတ်တောင်မှ ကြုံရင်ကြုံသလို သူအိမ်ပြန်ရောက်တတ်တဲ့အချိန်တွေ၊ အလုပ်နားရက်တွေမှာ သူ့ဆီ ဖုန်းဆက်ပြီး “ဟေး ထမင်းစားပြီးပြီလား၊ အိပ်ယာနိုးပြီလား၊ ဆိုင်ကယ်စီးရင်သတိထားနော်၊ အိမ်ပြန်ရောက်ပြီလား” စသဖြင့် ဘာမှထွေထွေထူးထူး မဟုတ်တဲ့ သမရိုးကျ မေးခွန်းလေးတွေကို မေးပေးခဲ့ပါတယ်။ အဲလိုမေးပြီးတဲ့ အချိန်တိုင်းလည်း ကိုယ်ကိုယ်တိုင်က ပြုံးဖြစ်နေတာကို သတိထားမိပါတယ်၊ သေချာပါတယ် သူငယ်ချင်းလေးလည်း ပြုံးနေမှာပါ။
အဲဒီလိုနဲ့တော်တော်လေးလည်းကြာတော့ သဉ္ဇာ အလုပ်အသစ်တစ်ခုပြောင်းဖြစ်ခဲ့တယ်။ အလုပ်သစ်စဝင်တဲ့နေ့ ညဘက်မှ သူငယ်ချင်း တွေနဲ့တွေ့ကြတယ။် ဘာရယ်ညာရယ်မဟုတ်ဘဲ ဟိုလူက ဘယ်လိုလဲ၊ ဒီလူက ဘယ်လိုလဲ စသဖြင့် ဟိုပြောဒီပြော ပြောဆိုရယ်မော နေကြရင်း စောစောက ပြောတဲ့ သဉ္ဇာ့ သူငယ်ချင်းလေးက ၊ နေ့လည်ထမင်းစားဆင်းချိန်တုန်းက ဖုန်းဆက်မလို့ပဲတဲ့၊ မေ့သွားတာ အလုပ်ပြန်တက်မှ သတိရလို့တဲ့ အားနာနာနဲ့ပြောရှာပါတယ်။ အဲလိုပြောလိုက်တော့သူဖုန်းဆက်ဖြစ်တာ မဆက်ဖြစ်တာထက် သဉ္ဇာ အလုပ်သစ်မှာ အဆင်ပြေရဲ့လားလို့ သူဖုန်းဆက်ပြီး အားပေးချင်ခဲ့မှန်းကို သိလိုက်ရတာ၊ တကယ်ပါ ပြောမပြတတ်တဲ့ ကြည်နူးမှုလေး ခံစားရတယ်။ သူအကောင်အထည်မဖော်လိုက်ရပေမယ့် အဲဒီလို ဆန္ဒလေး ရှိမှန်း သိလိုက်ရတာကိုက ကိုယ်လုပ်ခဲ့တဲ့ဂရုစိုက်မှုလေးက သူ့အတွက် မှတ်မှတ်ရရလေး ဖြစ်နေစေပါလား ဆိုတာကိုပါ သိခွင့်ရလိုက်ပါတယ်။
ကိုယ်က မျှော်လင့်မထားပေမယ့် ပြန်ရလိုက်တဲ့အခါ အဲဒီလက်ဆောင်ဟာ တန်ဖိုးကြီးမားသွားပါတယ်။ သဉ္ဇာ့သူငယ်ချင်းလေးက လက်ဆောင်ကောင်းတစ်ခု ပြန်ပေးခဲ့ပါပြီ။ ရင်ဘတ်နဲ့ရင်းပြီးပေးတဲ့ လက်ဆောင်မျိုးပါ။ တန်ဖိုးကြီးမားပါတယ်။ ဘာနဲ့မှလည်း ပေးဝယ်လို့မရပါဘူး။ အမှတ်တရလက်ဆောင်ဆိုတာ လက်ခံရရှိသူရဲ့ ရင်ဘတ်ထဲမှာ ထင်ကျန်နေစေတာ ပိုကောင်းပါတယ်။
သူငယ်ချင်းတို့လည်း ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့သူကို သမရိုးကျမေးခွန်းလေး တစ်ခုလောက် မေးကြည့်လိုက်ပါလား? သူတကယ်လိုအပ်နေတဲ့ အရာလေး ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။ သူ ရယ်ချင်ရယ် လိမ့်မယ်၊ ဒါပေမယ့် သူကြည်နူးမိမှာပါ။
သူငယ်ချင်းလည်း“ပီတိ”ဆိုတာကို သိမြင်ခံစားလာရပါလိမ့်မယ်။
3 ယောက်အားပေးခဲ့တယ်:
အားကျလိုက်တာဗျာ။ သူများတွေများ လက်ဆောင်ပေးမဲ့သူနဲ့ ယူမဲ့သူနဲ့ ကျနော့မှာတော့ ဘယ်သူမှ မပေးဘူး ယူမဲ့သူလဲမရှိဘူးဗျာ။
ဘာလို့လဲဆိုတော့ ကိုယ့်အကြောင်းသိနေလို့လေ
သယ်ရင်းရေ.. ငါလဲ အဲလိုမျိုး လက်ဆောင်တွေ အများကြီး လိုချင်တာပေါ့... ငါက အရင်လက်ဆောင်ပေးဖို့ ကြိုးစားတော့မယ် ..
ကျေးဇူးပဲ တာဇံရေ.. ဒီပိုစ့်လေး အတွက်...
မြင့်မြတ်တယ်ဗျာ..ဒါသူငယ်ချင်းကောင်းတွေရဲ့ အလုပ်ပေါ့..ချီးကျူးပါတယ်
Post a Comment