အပိုဖြစ်သွားတဲ့ စကားလုံးလေးတွေ

ခုတလော စကားလေးတစ်ခွန်းကို သတိထားမိနေတာ။ ဘယ်သူ့ကိုမှ ပြန်မပြောနဲ့နော် ဆိုတဲ့စကားလေးပါ။ ကြားဖူးတာလည်းများနေပါပြီ၊ ပြောလည်းပြောခဲ့ဖူးတာပါပဲ။ ခုမှသေချာစဉ်းစားမိတာ။

လူတစ်ယောက်မှာ လျှို့ဝှက်ချက်ဆိုတာ ရှိနိုင်ပါတယ်။ အထူးသဖြင့် သဉ္ဇာ့လိုလူမျိုးဆို ဘာလေးလုပ်လုပ် လျှို့ဝှက်စွာလုပ်ရမှ ပိုပြီးအသက်ပါသလို ခံစားရတာ။ ဘာမှ ထူးခြားတဲ့ကိစ္စမဟုတ်တောင်မှ အဲဒါကိုပင် လျှို့ဝှက်ပြီးလုပ်နေရတာက ပိုပြီးအာရုံ စူးစိုက်နိုင်တာ။ ဒါကတော့ လူတစ်ဦးနဲ့တစ်ဦးတူချင်မှတူမှာပါ။ ဒါပေမယ့် လူဆိုတာ လျှို့ဝှက်ချက် ရှိတတ်ကြစမြဲပါ။

လူတစ်ယောက်က ကိုယ်ကိုတိုင်ရဲ့ လျှို့ဝှက်ချက် ဒါမှမဟုတ် ကိုယ်ပဲသိထားတယ် လို့ယူဆရတဲ့ သတင်း တစ်ခုကို ကိုယ့်ရဲ့ အယုံကြည်ရဆုံး တိုင်ပင်ဖော်တစ်ယောက်ကို ပြောပြတော့မယ်ဆိုရင်“ဘယ်သူ့ကိုမှ မပြောနဲ့နော်၊ ငါက မင်းမို့ပြောပြတာ”ဟု စကားပလ္လင်ခံတတ်ကြ၏။ အမယ်.. အတိုင်ပင်ခံရသူကလည်း ရုပ်တည်ကြီးနဲ့ အေးပါ စိတ်ချ ငါဘယ်သူ့ကိုမှ မပြောဘူး ပေါ့။ အဲဒီမှာ စတာပဲ..။ ကိုယ်ပြောလိုက်တဲ့သူကလည်း သူ့ရဲ့ အယုံကြည်ရဆုံး တစ်ယောက်ကို ဘယ်သူ့ကိုမှပြန်မပြောနဲ့နော်ဆိုပြီး ကိုယ့်ရဲ့ လျှို့ဝှက်ချက်ကို ဖောက်သည်သွားချနေမှာ။ အဲဒီနောက်တစ်ယောက်ကနေ နောက်တစ်ယောက်၊ နောက်တစ်ယောက်ကနေ နောက်တစ်ယောက်နဲ့ အားလုံးသိနေကြတဲ့ လျှို့ဝှက်ချက်ကြီးအဖြစ်ကိုရောက်သွားတော့တာပါပဲ။

ကိုယ့်ရဲ့လျှို့ဝှက်ချက်ကို အားလုံးသိနေကြတယ်ဆိုတာကို ကိုယ်ကိုယ်တိုင်ကနောက်ဆုံးမှ ပြန်သိလိုက်ရတာက သဘာဝပဲမဟုတ်လား။ အဲဒီလို ပြန်သိလိုက်ရတဲ့ အချိန်မှာ ခံစားရတဲ့ ခံစားချက်ကလည်း ဘယ်လိုမှ တင်စားစရာ စကားလုံးမရှိလောက်အောင် အီလည်လည် ကြီးဖြစ်ရတတ်သေးတယ်။ အပြစ်တင်ရမယ်ဆိုရင်လည်း“ဘယ်သူ့ကိုမှ မပြောနဲ့နော်”လို့ မိုက်မိုက်မဲမဲပြောခဲ့မိတဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရတော့မှာ။

အဲဒီတော့ ကိုယ်ပြောခဲ့မိတဲ့“ဘယ်သူ့ကိုမှ မပြောနဲ့နော်”ဆိုတဲ့ စကားလုံးလေးတွေက အလကားဖြစ်မသွားပေဘူးလား။ အဲဒီလိုဖြစ်နေတာတွေကိုပဲ လောကရဲ့ ပြုံးချင်စရာ အလွဲလေးတွေအဖြစ် လက်ခံလိုက်ရမလိုဖြစ်နေတာ။

ဆိုတော့ကာ တကယ်လို့များ သူငယ်ချင်းတို့မှာ တစ်ခြားသူတွေကို မသိစေချင်ဘူးဆိုတဲ့ လျှို့ဝှက်ချက်များရှိလို့ကတော့ တစ်စုံတစ်ယောက်ကိုမှ ယုံကြည်ပြီး “ဘယ်သူ့ကိုမှ ပြန်မပြောနဲ့နော်”လို့ မပြောမိစေနဲ့။ ပြောမိလို့ကတော့ အီလည်လည်ကြီးခံစားလိုက်ရမယ်။ ဂယ်ပြောတာ.. ...။ အဲဒီတော့ ကိုယ့်ရဲ့ တကယ့်လျှို့ဝှက်ချက်ဆိုရင် ကိုယ်တစ်ယောက်တည်းပဲ သိအောင် မျိုသိပ်ထားပါ။ တကယ့်ကိုပဲ ဘယ်လိုမှ မမျိုသိပ်နိုင်တော့ပါဘူးဆိုရင်လည်း မရ ရအောင် ကြိတ်မှိတ်၊ လှိမ့်ပိတ်ပြီး မျိုသိပ်ပါ။ အဲဒီခံစားချက်က အီလည်လည်ကြီးဖြစ်တာထက်စာရင် ကောင်းသေးတယ်။

သဉ္ဇာကတော့ ခုဆို မပြောသေးဘူးဆိုရင် ဘယ်သူ့ကိုမှ မပြောပြတော့ဘူး။ ပြောပြပြီဆိုရင်လည်း ဘယ်သူသိသိ အရေးမကြီးဘူးဆိုမှ ပြောတော့တာ။ အီလည်လည်ဖြစ်ရပေါင်းများတော့ မှတ်သွာတာ ဟဲဟဲ။

“ဘယ်သူ့ကိုမှ မပြောနဲ့နော်” အဲဒီစကားကို သူငယ်ချင်းတို့ ဘယ်နှစ်ကြိမ်များပြောခဲ့ဖူးပြီလဲ ၊ ဘယ်နှစ်ကြိမ်များ ကြားဖူးခဲ့ပြီလဲ ။

6 ယောက်အားပေးခဲ့တယ်:

ဟုတ်တယ် ငါလဲ အီလည်လည် ဖြစ်ပေါင်းများပြီ ဒါပေမယ့် ခုထိလဲ အမှတ်မရှိသေးဘူး..
နောက်ဆို နင်ပြောသလို ဘယ်သူသိသိ ဂရုမစိုက်တော့မှ ပဲပြောတော့မယ်။

 

ဘုရားအလောင်း မဟော်သဓာ မိန်.ကြားဖူးသလို လျို.၀ှက်ချက်ဆိုတာ ဘယ်သူ.ကိုမှ မပြောသင့်တာ အမှန်ပါ။

 

သယ်ချင်း
ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်မိပါတယ်။ ဖြစ်ပျက်ခဲ့တာတွေမျက်စိတမှိတ်အတွင်းမို့
"နောင်တ" ရမိပါတယ်ပြောလည်း အပိုပါပဲ။

အားပေးလျက်ပါ
http://winzaw-mdy.blogspot.com

 

ညီမလေး တင်ချာရေ...
အာဝါးးးးး...
ညီမလေးကို ချစ်လို့ အာဝါးပေးတာ...
ဘယ်သူ့ကိုမှ မပြောနဲ့နော်... :P

 

အဲဒါပဲ.... ဘူး၁၀၀သာပိတ်လို့ရမယ် ပါးစပ်တစ်ပေါက်
ကိုပိတ်လို့မရဘူး ဆိုတာပေါ့။ ခက်တယ်ဗျ လူတွေက
မလုပ်ပါနဲ့ဆိုတာကိုပိုလုပ်ခြင်သလို၊မပြောပါနဲ့ဆိုတာပိုပြော
ခြင်တယ်၊မစားပါနဲ့ဆိုဆိုတာ စားခြင်ကြတယ်၊ အဲဒါလူ့သဘာဝပဲ။ ဒါတွေအခုမှမဟုတ်ပါဘူး အာဒမ်နဲ့
ဧ၀လက်ထက်ကထဲကပဲ၊ ကြည့်လေ မစားပါနဲ့လို့တားမြစ်
ထားတဲ့ အသီးကိုစားခဲ့လို့အခုကမ္ဘာမှာ လူတွေသန်းပေါင်းရာထောင်ချီနေပြီလေ။
ဒီတော့လျှိ့ဝှက်လေ ပေါက်ကြားဖို့ ပိုလွယ်လေပဲ။

 

iညီမလေးရေဟိုနေ့ကလေမမဒီလိုလုပ်လိုက်တာ ဟိုလိုဖြစ်သွားလို့...အဲ့ဒါငြိမ်နေရတယ်...
ညီမလေးကိုပဲပြောပြတာနော်..ဘယ်သူမှမပြောနဲ့နော်...ဟိဟိ....