အိပ်မက် တစ်မက်စာ

စိတ်အဆာပြေ“အချစ်”ဆိုတာ
အစာ အဆိပ်မသင့်ခင် အချိန်လေးသာ
နိုးနိုးကြားကြားမက်ခွင့်ရတဲ့
“အိပ်မက်တစ်မက်စာ”

အခန်း ၁ ။ ။ “တစ်ယောက်အတွက် အစာဟာ..၊ တစ်ယောက်အတွက်တော့ အဆိပ်ဖြစ်တတ်တယ်”
ဆိုတဲ့စကားပုံလေးတစ်ခု ကြားဖူးတယ်။ စိုးရိမ်ပါတယ် အိပ်မက်လေးရယ်...။ ငါ့ရဲ့ လိုပ်အပ်ခြင်းဟာ မင်းအတွက် ဒုက္ခဖြစ်မယ်ဆိုရင်... ငါသေရမှာထက် ထိတ်လန့်မိမယ်။

၂ ။ ။ အိပ်မက်လေးလို့ ခေါ်ပါရစေလားကွယ်.. နော်..။ အိပ်မက်တစ်ခုလို မင်းက ငါ့ကို လက်တွေ့လောကကြီးတစ်ခုလုံး မေ့စေလောက်အောင် ပြီးပြည့်စုံတဲ့ အဓိပ္ပာယ်တွေ ပေးနိုင်ခဲ့လို့လေ။ နောက်ပြီး အချိန်တိုင်း ပိုင်ဆိုင်ခွင့်ရမယ့် မျှော်လင့်ချက်တွေ မင်းမှ မပေးဘဲနဲ့။ ဒါပေမယ့် ငါကိုယ်တိုင်ကလည်း မင်းနဲ့တွေ့ရမယ်ဆိုရင် အချိန်ပိုင်းလေးလည်း ကျေနပ်စွာ ရောင့်ရဲမက်မော်နေခဲ့မိတာကိုး။

ဘာပဲဖြစ်ဖြစ်“ပိုင်ဆိုင်ခြင်း”ဆိုတဲ့အရာကို အရောမဝင်သလို“လိုအပ်ခြင်း”ဆိုတဲ့အရာကိုလည်း တစ်ခုတစ်လေမှ မတောင်းဆိုဘဲ မိုင်းမလင်းဖို့သာ အကြိမ်ကြိမ်ဆုတောင်းရင်း မနက်မရောက်ရင် ပြီးရောဆိုပြီး“အိပ်မက်လေး”ကို ငါ့ကမ္ဘာနဲ့ လဲချင်ခဲ့တယ်။

“အိပ်မက်လေး”..... ဘာပတ်ဝန်းကျင်မှ မရှိတဲ့ ဆန္ဒစစ်စစ်တွေ ဖြန့်ကြဲမိပါတယ်။

၃ ။ ။ တစ်ယောက်ကိုတစ်ယောက် ပျောက်သွားမှာစိုးရိမ်နေတဲ့ နေ့ကတည်းက ငါတော့ အိပ်မက်တစ်ခု စ မက်နေပြီဆိုတာ ငါသိခဲ့တယ်။

ရူးလောက်မတတ် မခွဲချင်စိတ်တွေ ဘယ်လောက်ပြင်းပြင်း ငါတို့ကို ဘယ်လိုပဲ ပြုစားခဲ့လည်း မဖြစ်မနေ အလုပ်တာဝန်တွေကိုပဲ ငါတို့ ဦးစားပေးရင်ဆိုင်ခဲ့ကြရတာပဲ မဟုတ်လား။

ထူးဆန်းတဲ့ စွဲလမ်းမှုကို အဖြေထုတ်ဖို့ ငါတို့ စ ကြိုးစားတဲ့ နေ့ကတည်းက ခွဲခွာဖြင်းနဲ့ စ ခဲ့ရတာပါ။

“ငါ နင့်ကို ချစ်မိသွားပြီလား မသိဘူး”လို့နင်ပြောတော့ ငါ အရမ်းပျော်ချင်သွားပေမယ့်...... “မသေချာဘဲ မပြောပါနဲ့” လို့ နင့်နှုတ်ခမ်းပေါ် လက်ညှိုးလေးတင်ပြီး ငါတားခဲ့တာ နင်မှတ်မိမှာပါ။ အဲဒါ နင့် ငါ့ကို တကယ်မချစ်ခဲ့ရင် နင့်စကားကို နင်ပြန်ရုတ်သိမ်းရ ခက်မှာစိုးလို့ပါ။ ပြီးတော့ နင့်ရဲ့“ချစ်တယ်”ဆိုတဲ့ စကားအတွက် ငါ့မျှော်လင့်ချက်တွေနဲ့ စိတ်ကူးယဉ်မိရင်“ချစ်တယ်”လို့ထပ်ကြား ရဖို့ ငါ့နှလုံးသားက အကျင့်ပါသွားမှာလည်း စိုးတယ်လေ။

တစ်မြို့စီက တစ်ယောက်အသံတစ်ယောက်ကြားရဖို့ ဖုန်းတွေမျှော်ရင်း ဖုန်းချရမှာ ဝန်လေးခဲ့ကြတဲ့နေ့တွေတုန်းက နင်နဲ့တွေ့မှ မေးချင်တယ်ဆိုတဲ့ မေးခွန်းလေးကို ချက်ချင်း ဖုန်းထဲမှာပဲ နင်အတင်းမေးခိုင်းလို့ ရှက်ရှက်နဲ့ မျက်စိလေးမှိတ်ပြီး ငါ ပြောရတာ ရင်တွေခုန်လိုက်တာဟာ။

“ငါ နင့်ကိုချစ်နေလားလို့ နင့်ကိုမေးချင်တယ်”.... လို့ ငါပြောရင်း ရင်ခုန်သံတွေ ရပ်တယ်ထင်ရလောက်အောင် ငါ့နှလုံးသား အရမ်းခုန်နေခဲ့တယ်။ ငါ့ကိုယ်ငါတောင် တုန်လှုပ်ပါရဲ့။ ထပ်ပြောမိရင် ၁၈ နှစ်ဆန်တဲ့ ခံစားချက်တွေ ပြောထွက်လာမှာမို့ မရင့်ကျက်ဘူးလို့ နင်ထင်သွားမှာလည်း ကြောက်တယ်။

“နင်.. ဘာပြန်ဖြေမှာလဲဟင်”..... ငါမေးပြီးမှ အဖြေကို မကြားရဲလို့ ငါ့မေးခွန်းအတွက် ငါ နောင်တ ရမိသေးတယ်။

“နင် ငါ့ကိုချစ်နေလား၊ အဲဒီလို နင်မေးတော့ ငါ ဘယ်လိုဖြေရမှာလဲ...”

နင်ပြောတာ နားထောင်ရင်း ငါ ကြောက်နေတယ်ဟယ်။ ဒါပေမယ့် နင့်စကားက မဆုံးသေးပြန်တော့ ငါ အသံမထွက်ရဲဘူး။

“နင့်ကိုနင် သေချာနေတဲ့ဟာကို နင်..နင် ငါ့ကို ဒီလောက်ချစ်နေတာ အသိသာကြီး သိသာနေတာပဲဟာ...”
“ငါ....ငါ နင့်ကိုချစ်တယ်လို့ နင်ယုံကြည်တယ်ပေါ့ ဟုတ်လား”
“ယုံပါတယ်၊ ဘာမယုံစရာရှိလဲ၊ နင် ငါ့ကို ဒီလောက်ထိ ငါ့အတွက် အများကြီး နားလည်စဉ်းစားပေးနေတဲ့ဟာကို”
“ဒါဆို ငါ နင့်ကို ချစ်တယ်ဆိုတာ နင်လက်ခံတယ်ပေါ့ ဟုတ်လား”
“လက်ခံပါတယ်ဟာ၊ နင် ငါ့ကို ချစ်တာ ငါယုံပါတယ်”
“ဒါဆို ငါ နင့်ကို ချစ်မယ်နော်”

ငါ ဘာတွေ ထက်အဆင့်တက်ပြီး တောင်းဆိုဦးမလဲလို့ နင်ထင်ချင်ထင်နေမယ်။ ဒါပေမယ့် ငါ နင့်ကို ရိုးရိုးလေး နင်ပေးရမှန်းမသိသာတဲ့ အခွင့်လေးတစ်ခုပဲ တောင်းခဲ့မိပါတယ်။

“ဒါဆို ငါ နင့်ကို ချစ်မယ်နော်”
“ချစ်ပါဟာ၊ ချစ်ပါ၊ နင် ငါ့ကိုချစ်တာ ငါကျေနပ်ပါတယ်၊ ငါဘာခွင့်မပြုစရာရှိလဲ၊ နင် ငါ့ကို အရမ်းချစ်တာ ငါသိနေတာပဲ”

ဟိုးတစ်နေ့ကတည်းက“ချစ်တယ်”ဆိုတဲ့စကားကို ငါမပြောမိအောင် ကြိုးစားခဲ့တာ တခြားကြောင့်မဟုတ်ဘူး နင့်အတွက် မလိုရင် အနှောင့်အယှက်ဖြစ်မှာ စိုးလို့ပါ။

ငါ့ရင်ထဲမှာ နင် အဲဒီလိုပြောတော့ ဘာတွေဖြစ်သွားလဲ မသိဘူးဟာ။ ငါ နင့်ကိုချစ်တာ နင်သိသွားတော့ ငါ စိတ်မကောင်းဘူး။ အားလည်းငယ်တယ်။ ဒါပေမယ့် ငါ့အချစ်ကို နင် မသိချင်ယောင် ဆောင်မနေတဲ့အတွက်လည်း ငါ ဝမ်းသာတယ်။ ငါ့ကို ချစ်ခွင့်ပေးတဲ့အတွက်တော့ နင့်ကို ကျေးဇူးအတင်ဆုံးပဲ။

“နင်ကော ငါ့ကို မချစ်ဘူးလား”လို့ ငါမမေးဖြစ်ခဲ့တာကတော့ အဖြေသိရမှာ ငါကြောက်လို့။ နင့်ဆီက ဘာမှ မတောင်းဆိုတာလည်း ငါမရမှာ ကြောက်လို့။

နင့်ဆီမှာ ရည်းစားတစ်ယောက်ရှိတယ်ဆိုတာ ငါမေ့သွားလို့ ငါ နင့်ကို အချစ်တွေကျွံမိသွားတာ။ ခုမှတော့ ဘယ်လိုမှ ပြန်ထိန်းသိမ်းလို့ မရတာ။ ငါလည်း မတတ်နိုင်ဘူး။ အိပ်မက်လေးရယ်။ငါတတ်နိုင်တာ နင့်အတွက် အနှောင့်အယှက်မဖြစ်အောင် နေဖို့ပဲ။ ငါ သိတတ်တော့ နင်အံ့သြတယ်နော်။

အချစ်ဆိုတာ ပေးဆပ်ခြင်းပဲလို့ ငါ သဘောထားပါတယ်။ ငါ့ကိုယ်ငါ မေ့သွားတဲ့အထိ ငါ နင့်အတွက်ပဲ စဉ်းစားရင်း ဘာမဆို ပေးဆပ်ချစ်ပြချင်ပေမယ့် နင်မလိုတာတွေ ပေးမိသွားရင် နင့်အတွက် ရှုပ်နေမှာ တွေးပူမိတော့ ငါ့ကိုယ်ငါ ထိန်းချုပ်ရတာ ခက်တယ်။

၎ ။ ။ “နင့်အတွက် ငါ အနှောင့်အယှက်ဖြစ်နေလား” ဒါပဲ ငါတွေးပူတယ်။ ဒါပဲ ငါမေးမိတယ်။ မလိုမှာထက် ပိုနေတဲ့ အမှိုက်မျိုး ငါ မဖြစ်ချင်ဘူး အိပ်မက်လေးရယ်။

“နင့်လိုမိန်းမတစ်ယောက်က ငါ့လိုလူကို ဘာမှ မရနိုင်ဘဲ လာချစ်တယ်။ ပြီးတော့လည်း ငါ့ကိုချစ်နေတာနဲ့ပဲ နင်ကျေနပ်တယ်။ ငါ့ကို ပြန်ချစ်ပါလို့လည်း မပြောဘူး။ နင့်ကိုချစ်ခွင့်လေးပဲပေးပါလို့ပဲ နင်တောင်းတယ်။ ငါ့အတွက် နင်အနှောင့်အယှက်ဖြစ်မှာလားလို့
တစ်ခုခုဆို ငါ့အတွက်ပဲ နင်စဉ်းစားတယ်။ ငါ့အပေါ်လည်း နင် အရမ်း နားလည် အလိုက်သိလွန်းတယ်။“ ငါဘာလုပ်ပေးရမလဲ”“နင်ဘာဖြစ်ချင်လဲ””ငါဘယ်လိုနေပေးရမလဲ”လို့ ဘယ်သူမှ မေးမှာ မဟုတ်တဲ့ မေးခွန်းတွေ မေးပြီး ငါစိတ်ချမ်းသာဖို့ပဲ နင်စဉ်းစားတယ်။ နင် ငါ့အတွက် ဘယ်လိုအနှောင့်အယှက်ဖြစ်မှာလဲဟာ...။ ငါကသာ နင့်ကို ဒုက္ခတွေ ပေးနေသလိုပဲ”

ငါ့အတွက် ဒုက္ခမဟုတ်ပါဘူး။ ငါ့အထီးကျန်မှုအတွက် နင်ရှိတာ အဓိပ္ပာယ်ပါ။ နင့်ကိုချစ်နေရတာ ငါ့ရဲ့ရှင်သန်ခြင်းပဲ။

ငါ့အကြောင်း ငါတွေးမိရင် အဓိပ္ပာယ် မရှိသလိုပဲ။ ငါ့ဘဝက အသက်မဲ့နေတယ်။ နင့်အကြောင်းကို တွေးရတဲ့အချိန်တွေက ငါ့ကို အဓိပ္ပာယ် ရှိစေတယ်။ နင်သိအောင် ငါပြောပြတတ်ရင် ကောင်းမယ်။

နင့်ဆီက ငါ ဘာမှမလိုချင်ဘူးလို့ နင်က ထင်လား။ ငါလိုချင်တာတွေ အများကြီးပေါ့။ ငါက ငါလိုချင်တာတွေကို မမျှော်လင့်ရဲတဲ့ အားနည်းချက်ရှိတော့ ငါလိုချင်တာတွေကို သူများကိုပေးပစ်တော့တာပဲ။ နင့်ကိုပေးနေတာတွေအားလုံး ငါလိုချင်တာတွေပေါ့။ ဒါပေမယ့် နင့်ကို ဂရုစိုက်ရတာ ငါပျော်တယ်။ နင် လိုလေသေးမရှိအောင် ငါဖြည့်ဆည်းခွင့် ရချင်ပါတယ်။

၅ ။ ။ အိပ်မက်လေးရေ... နင်နဲ့တွေ့ရင် နင့်ရဲ့ ဘယ်နားမှာနေပြီး နင့်ကို ဘာတွေပြောရမလဲ၊ နင့်ကို ဘာလုပ်ပေးရမလဲ၊ ဘာတွေ မေးရမလဲ မသိအောင် နင့်ကို ငါ ထားစရာနေရာ မရှိလောက်အောင်ပဲ ငါ့ရှေ့က ပျောက်သွားမှာ စိုးနေတဲ့ ခံစားချက်ဟာ လေကို လက်ထဲပါလာအောင် လိုက်ဖမ်းနေမိသလိုပဲ။

ကလေးလေးလို ငါ့ရင်ခွင်ထဲ ခေါင်းလေးဝှေ့လာတော့ နင့်မျက်နှာရဲ့ ဘယ်နေရာကို နမ်းရမှန်းမသိဘူး။ နမ်းချင်စိတ်ထိန်းမရလွန်းလို့ နင့်ကိုနမ်းမိတော့ နင်ရယ်သံကြားလို့ ငါရှက်သလိုဖြစ်သွားတယ်။“ဘာရယ်တာလဲ” လို့ နင့်ရင်ခွင်ထဲ မျက်နှာဝှက်ပြီး မေးတော့ နင့်အဖြေက....“ငါ သဘောကျလို့ပါ၊ နင် ဘယ်လိုနမ်းနမ်း နမ်းလို့ဝမှာမှ မဟုတ်တာ”တဲ့....။

သေရော...။ တကယ်လည်း ငါ့အနားမှာ နင်ရှိလို့ ကျေနပ်သွားပြီလားဆိုတော့ မဟုတ်ပြန်ဘူး။ နင့်ကို ထားစရာနေရာ မရှိအောင် တန်ဖိုးထားမိပြန်တယ်။ ဖြစ်နိုင်ရင် အရပ်ရှည်တဲ့ နင့်ခန္ဓာကိုယ်ကို သေးသေးလေးဖြစ်အောင် ချိုးပြီး ငါ့နှလုံးသားထဲ ထည့်သိမ်းထားလိုက်ချင်တာပါ။

“ငါချစ်ပြတာ ခံချင်တယ်တဲ့။ နင်ချွဲဖူးပါတယ်။ နင့်အကြောင်းတွေ အကုန်မေးမိတော့ နင့်ဘဝ နင့်စိတ် နင့်ခံယူချက်တွေအကုန် ငါ နားလည်လိုက်ရတယ်”

ကံမဆိုးဖူးတဲ့၊ ကံတရားကို ယုံကြည်ထားတဲ့၊ စိတ်ညစ်မခံတတ်တဲ့၊ ကိုယ့်ဘဝကိုယ် ကျေနပ်နေတဲ့၊ အဆင်ပြောမှုထဲမှာ မျောပါပြီး အကောင်းဆုံးတွေ၊ အဆိုးဆုံးတွေကို ဘယ်တော့မှ ကြိုမတွေးတဲ့ နင့်ကို ငါစိတ်ပူတယ်။

လောကဓံက တကယ်လို့ အဆင်မပြေမှုတွေနဲ့ နင့်ကိုကျီစယ်ရင် နင်ခံနိုင်ရည်မရှိမှာစိုးတယ်။ နင်အဆင်မပြေရင် နင့်အတွက် အမေလို၊ အစ်မလို နင့်အစား တာဝန်ယူဖြေရှင်းဖို့ နင့်အနားမှာ ရှိခွင့်ရချင်လိုက်တာဟယ်။

အကောင်းဆုံးကိုတွေးပြီး မရချင်ဖူးတဲ့နင့်ကို အကောင်းဆုံးတွေနဲ့ မမျှားချင်ပေမယ့် အဆိုးဆုံးကိုတွေးပြီး အဆင်သင့်ပြင်မထားတဲ့နင့်ကို အဆိုးဆုံးဆိုတာ ဘာမှန်းမသိအောင် တစ်ခါတလေ တိုက်ခိုက်မယ့် လောကဓံတွေအတွက် နင့်ရှေ့မှာ ကာကွယ်ခွင့် ရချင်တယ်။

နင့်ထက် ငါ သုံးလေးနှစ်တော့ ငယ်မယ်။ နင့် ထက်တော့ လူတွေအကြောင်း လက်တွေ့သိတယ်။ အလုပ်ဒဏ်တွေကို ကြံ့ကြံ့ခံနေတဲ့ ငါက နင့်ကိုတော့ နင်ဒဏ်တွေ ခံနိုင်ရည်မရှိမှာကို စိုးရိမ်တယ်။ အဆိုးဆုံးဆိုတာတွေကို မသိတဲ့ နင့်အတွက် အဆိုးဆုံးဆိုတာတွေ ဒီလောကမှာ မရှိဘူးပေါ့။ နင့်အတွက် ငရဲတွေ ဖျောက်ဖျက်ပေးချင်နေတယ်။

ချစ်လို့ပါ အိပ်မက်လေး ရယ်........။
“အကောင်းဆုံးကို မျှော်လင့်ခွင့်ရှိသလို အဆိုးဆုံးအတွက်လည်း ကြိုတင်ပြင်ဆင်ထားရမယ်”
မင်းကြားဖူးပြီးသား ဖြစ်နိုင်ပေမယ့် ဒီစကားပုံလေးကို လက်ဆောင်အဖြစ် ငါပြောပြချင်မိတယ်။
ငါ့စကားတွေကို မင်းအမြဲ အလေးအနက် မှတ်မိနေတတ်တာ ငါယုံကြည်ထားမိုလို့လေ။ မင်းအတွက် အမှတ်တရအနေနဲ့ ဒီစကားလေးတစ်ခွန်း လောက် ငါချန်ထားခဲ့နိုင်တယ်ဆိုရင် မင်းအတွက် ငါ စိတ်ချစွာ ကျေနပ်နိုင်မှာပါ။

၆ ။ ။ “နင် ငါ့ကို အားကိုးမှာလည်း မဟုတ်ပါဘူးဟာ” ဆိုတဲ့ မင်းပြောခဲ့တဲ့စကားလေးကို ငါ စိတ်မကောင်းစွာ ပြန်ကြားနေတယ်။

ဘယ်သူ့ဆီကမှ မရနိုင်တာ သေချာနေတဲ့ ငါ့ရဲ့ အထီးကျန် ကွက်လပ်လေးအတွက် ငါ မင်းကို အားကိုးချင်နေတယ်။ မင်းမသိဘူးတဲ့လား။ မောရလွန်းတဲ့ ငါ့ရင်ထဲမှာ မင်းဆီက အားမာန်တွေ ရချင်လို့ ငတ်မွတ်လွန်းခဲ့ရတာပါ။

ငါ့ကို ဝန်ခံခွင့်ပေးပါ၊ အိပ်မက်လေးရယ်။
မင်းသိမှ သိပါ့မလား...။ မင်းက ငါ့ရဲ့နှလုံးသားပါ။ ငါရှင်သန်ဖို့၊ ငါရင်ခုန်ဖို့၊ ငါလူအဖြစ် အဓိပ္ပာယ်ရှိဖို့ မင်းက အဓိကပဲလို့များ မင်းသိခဲ့ရင် ငါ့ကိုကယ်ဖို့ မင်းစဉ်းစားပေးနိုင်မှာလား။

၇ ။ ။ ငါကသာ ရင့်ကျက်ချင်နေပြီး မင်းကို မင်းလိုတာတွေကော မလိုတာတွေပါ အကုန်ပေးချင်ပေမယ့်လို့....
ငါ့ စိတ်ထဲမှာ လေးတယ်။

အချစ်ရယ်... မင်းရဲ့ကွက်လပ်တွေနဲ့ ငါ့စေတနာတွေ မတိုက်ဆိုင်ခဲ့ဘူးဆိုတော့.......

အချစ်နဲ့စစ်မှာ တရားတာ မတရားတာ ရှိ၊ မရှိကိစ္စ ငါနဲ့ မဆိုင်သလို နေပစ်ရမှာလားလို့ တွေးမိတော့ မင်းစိတ်ကို ဖတ်ကြည့်ဖို့ ငါကြိုးစားပါတယ်။

ဒါပေမယ့် အမျိုးသားလေးရယ်၊ နဂိုကတည်းကမှာ အားငယ်နေတဲ့ငါက စွန့်လွှတ်ခြင်းနဲ့ မင်းကို ပေးဆပ်ချစ်ပြဖို့ပဲ ငါတတ်နိုင်သလောက် တွေးမိပြန်တယ်။

တစ်ခါတလေတော့ စိတ်ကူးတစ်ခု ခေါင်းထဲဝင်လာတာ ရှိတာပေါ့။

ငါ့ဘဝရဲ့ တစ်ခုတည်းသော အဓိပ္ပာယ်ဖြစ်တဲ့ မင်းကို ရဖို့ မင်းဘက်က အရေးမကြီးတဲ့ ဘယ်နှစ်ခုကို စွန့်လွှတ်ရမှာလဲ။ အရေးကြီးတဲ့ ဘယ်နှစ်ခုကိုကော ငါ ဘာနဲ့ လျော်ကြေးပေးပြီး လဲခွင့်ရနိုင်မလဲ။

အချစ်အတွက် တိုက်ခိုက်ရမှာတွေ စွန့်စားရမှာတွေကို တွေးရင်းနဲ့ ငါမောလာတယ်။ ချစ်သူတစ်ယောက်ရဖို့ ချစ်တတ်တဲ့ သူတစ်ယောက်ကို ဖြိုလှဲချရမှာ မတရားဘူးလားလို့ သိပ်ချစ်တတ်တဲ့ ငါ့စိတ်နဲ့နှုင်းပြီး ငါ ကိုယ်ချင်းစာမိတယ်။

အသည်းကွဲတဲ့ ခံစားချက်တွေထဲမှာ ဒီနောက်ဆုံးတစ်ခါကတော့ အထိအနာဆုံးပဲ။

“တစ်ယောက်အတွက် အစာဟာ.... တစ်ယောက်အတွက်မှာတော့... အဆိပ်ဖြစ်တတ်တယ်”
ဆိုတဲ့စကားပုံတစ်ခု ကြားဖူးခဲ့တယ်။ စိုးရိမ်ပါတယ် အိပ်မက်လေးရယ်.....။
ငါ့ရဲ့ လိုအပ်ခြင်းဟာ.... မင်းအတွက် ဒုက္ခဖြစ်မယ်ဆိုရင်တော့... ငါ... သေရမှာထက် ပိုပြီး ထိတ်လန့်မိမယ် ။ ။
မင်းက ငါ့ရဲ့ အိပ်မက်လေး ပါကွယ်။ “အိပ်မက်တစ်မက်စာ”လေး မကုန်ဆုံးချင်ဘူးကွယ်။ အိပ်မက်လေး ပျက်ပြယ်သွားမှာစိုးလို့...။

အဲဒီစိတ်ကလေးကြောင့် ချစ်နေခွင့် ရချိန်လေးမှာတောင် လွမ်းနေရတယ်။ လွမ်းရင်းနဲ့ချစ်ခွင့်ရနေတဲ့ ငါ့အဖြစ်က ဘယ်လောက် ရင်နင့်စရာကောင်းသလဲ။

ဘဝဟာ... အိပ်မက်တစ်မက်စာ လောက်ပဲဖြစ်ရင် သိပ်ကောင်းမယ်။

ဘဝကို .... အိပ်မက်တစ်မက်စာ အဖြစ် ငါမျှော်လင့်မိပါတယ်။

..................... ။ ။ ......................

စာရေးသူ ။ ။ ရွှေထိုက်

အဆုံးထိဖတ်ပြီးမှ ရေးတဲ့သူ ရွှေထိုက်ဆိုလို့ စိတ်တိုသွားကြသလား ဟဲဟဲ ... ကြိုက်လွန်းလို့ ရေးလိုက်တာပါ။ ချိတ်ချိုးရဘူးနော်... :P

9 ယောက်အားပေးခဲ့တယ်:

ဖတ်နေရင်း ဟယ်ငါ့သက်ရင်းတော့ ချာရေးဆရာဖြစ်ပီဟေ့ ..ပေါ့..ရေးချက်ကကောင်းလိုက်တာပေါ့။ဟွန်း..အောက်လည်း ရောက်ရော...ဒါပေမယ့် ငွန်..သက်ရင်းကတော်ပါတယ်။ဟိဟိ...ကော်ကော်တိုက်..အရင်ဆုံး မန့်ဘူးတယ်ကွ။အင်း..မောဒယ်...ရယ်။

 

စာရေးထားတာကောင်းတယ်ဗျ
ဖတ်ရင်းနဲ့တွေးရင်းနဲ့ပြန်သွားတယ်ဗျာ

 

တီကလည်း.. ဟွင့်... အိပ်မက်က ရှက်တာပေါ့လို့... ဟွင့်လူဆိုးတီတီတင်ချာ.. :P :P

ပို့စ်ရေးတာကို မက်မက်နာမည်တွေပဲ ထပ်နေအောင် သုံးသွားတာ.. ဒါကြောင့် နှတ်ခမ်းကိုက်မိတာ နေမှာ... ဟိဟိ.. :P :P

တီတီသဘော တီတီသဘော... တီတီကြိုက်သလိုထော်.... အိပ်မက်လေးလို့.. အဟားအဟား... ဂွတ်တယ်ကွာ.. နာ့တီတီတင်ချာတို့ကတော့ လုပ်တော့မယ်... အဟား... အာဝါးးးးးးးးးးးးးးးးးးးးးးး အမြှောက်တသိန်း................

 

ဒီလိုလဲရတယ်ပေါ့။ကောင်းတယ်ဗျာ စာရေးဆရာလုပ်လို့ရပြီဗျို့

 

ကောင်းရော မမကလည်း အဟုတ် မမရေးတာမှတ်လို့ အားရပါးရချီးမွမ်းခမ်းဖွင့်တော့မယ်ဆိုမှ.... ဘာပဲဖြစ်ဖြစ်လေ တစ်ကယ်ကောင်းတယ်။ အဆုံးထိမြောသွားတာပဲ ဖတ်ရတာ...

 

ညီမလေး တင်ချာနော်...
လုပ်ပြီ...
ဟွန့်...
ကောင်းပါ၏... :)

 

သင်ဇာရေးတာ ဟုတ်ဟုတ် မဟုတ်ဟုတ် ခံစားတတ်တဲ့နှလုံးသားလေးကို လေးစားမိပါတယ်
အကြိုက်ချင်းလဲတူပါတယ်သင်ဇာ

 

ဖတ်ရင်းနဲ့မျှောသွားလိုက်တာ အဆုံးလဲရောက်ရော ဟွန့်..လူချိုး

 

တော်သေးတာပေါ့နော်
ကျွန်တော်က ဆရာမများရေးတာလားလို့
ဆရာမအတွက် စိတ်မကောင်းဖြစ်နေတာ
ဟီး ......
အဆုံးထိတောင်ဖတ်ဘူးရယ်
ကျော်ဖတ်လိုက်တာ ပြီးမှသူများရေးထားတာ ဆိုလို့ သက်ပြင်းချလိုက်နိုင်တယ်
ဟင်း................................ခနဲပဲ
ဟီး...