လူထုစိန်ဝင်း ရေးသားတဲ့ “ရှက်စိတ်” ဆိုတဲ့ စာအုပ်ထဲကပါ..။
ဆရာ ။ ။ အလို ဘယ်ကနေပေါက်ချလာပါလဲ။ မပေါ်လာတာကြာပါပေါ့လား။
ကျောင်းသား ။ ။ တမင်ဝင်လာတာပါဆရာ။ ဆရာ နေထိုင်မှကောင်းရဲ့လားဆိုတာ သိချင်လို့ပါ။ ဆရာ စာသင်တာများ အနှောင့်အယှက်ဖြစ်နေသလားခင်ဗျာ။
ဆရာ ။ ။ မဖြစ်ပါဘူး။ ဆရာစာသင်လို့ပြီးပါပြီ။ သူတို့ဟာ သူတို့ စကားပြောနေကြတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုမေးဖို့ သတိရတာကတော့သိပ်ကောင်းပါတယ်။ ယဉ်ကျေးရာ ရောက်တာပေါ့။ ခုခေတ်မှာ “လူယဉ်ကျေး” ကလေးတွေ တော်တော်နည်းနေပြီ။ လူယဉ်ကျေးကြီး”တွေလည်းနည်းနေပြီ။
ကျောင်းသား ။ ။ စကားစပ်မိတုန်း မေးချင်တာလေးမေးခွင့်ပြုပါဆရာ။
ဆရာ ။ ။ မေးပါ။ ဘာမေးချင်တာလဲ။
ကျောင်းသား ။ ။ ဆရာပြောတဲ့ ယဉ်ကျေးတယ် ဆိုတဲ့ စကားကိုပဲ မေးချင်တာပါ။ အဲဒီစကားကို ကျွန်တော်တို့လည်း အကြောင်းတိုက်ဆိုင်တိုင်း သုံးနေတာပဲ။ ဒါပေမယ့် သေသေချာချာ စဉ်းစားကြည့်တော့ ယဉ်ကျေးတယ်ဆိုတဲ့ စကားရဲ့အဓိပ္ပာယ် ကိုသေသေချာချာမသိဘူး ခင်ဗျ ။
ဆရာ ။ ။ အင်း တော်တော်ကောင်းတဲ့ မေးခွန်းလေးပဲ။ အားလုံးလည်းနားထောင်ရအောင် အားလုံးရှေ့မှာ ဆွေးနွေးကြရအောင်။ ကဲ လာ။
ကျောင်းသား ။ ။ စာသင်ပြီးလို့ ဆရာနားနေတာကို ကျွန်တော်က မနားရအောင် လုပ်သလိုဖြစ်နေပြီ။
ဆရာ ။ ။ မဖြစ်ပါဘူး။ များများမေးလေ ဆရာဆိုတာ သဘောကျလေပါ။ လေးလေးနက်နက် စဉ်းစားတတ်သူတွေမှ မေးစရာ၊ ဆွေးနွေးစရာ၊ ငြင်းခုံစရာ ဆိုတာ ရှိပါတယ်။ ခပ်ပေါ့ပေါ့ နေတတ်သူတွေမှာတော့ ဘာမှ မေးစရာ မရှိတတ်ပါဘူး။ ခုခေတ်မှာ လူတွေက သိပ်လေးလေးနက်နက် မစဉ်းစားကြတော့ဘူး။“ရေလိုပ်ငါးလိုက်”ဆိုတဲ့စကားကို လက်သုံးထားပြီး ရေစီးကြောင်းမှာ အသာလေး မှေးလိုက်နေကြတာများတယ်။
ကျောင်းသူ ။ ။ ဒါကတော့ အခြေအနေ အရ ကိုးဆရာရဲ့။
ဆရာ ။ ။ အဲဒီ“အခြေအနေအရ” ဆိုတဲ့စကားနဲ့ “ရေလိုက်ငါးလိုက်”ဆိုတဲ့ စကားနှစ်လုံးကြောင့် ဆရာတို့ ညံ့ကုန်ကြတာပေါ့။
ကျောင်းသား ။ ။“အများ မိုးခါးရေသောက်နေတာ ကိုယ်လိုက်မသောက်ရင် မိုက်ရာ ကျမှာပေါ့”ဆိုတဲ့စကား ရှိသေးတယ်ဆရာ။
ဆရာ ။ ။ ဟုတ်တယ် ဟုတ်တယ် အဲဒီ စကားလည်းပါတယ်။ အဲဒီ စကားလုံး ၃ လုံးကို ဆင်ခြေအဖြစ်ပေးပြီး ရေစုန်မျှောလိုက်နေကြတာ။ကြာတော့ ဆရာတို့ လူရည်လူသွေး တွေညံ့ကုန်ကြတာပေါ့။ ညံ့ပါများတော့ ဖျင်း သွားတယ်။ ဖျင်း ပါများတော့ အ သွားတယ်။ အ ပါများတော့ နောက်ဆုံးမှာ တုံးသွားတော့တာပဲ။
ကျောင်းသား ။ ။ ကျွန်တော်တို့ကို ဘယ်အဆင့်မှာ ဆရာထားမလဲ။
ဆရာ ။ ။ ဒါတော့ ဆရာမပြောနိုင်ဘူး။ ကိုယ့်ဟာကိုယ် ပြန်သုံးသပ် ဝေဖန်ကြည့်ရမယ့်ကိစ္စပဲ။ သုံးသပ်ကြည့်ကြပါ။ အစဉ်အလာနဲ့ မျိုးရိုးဗီဇအရ မြန်မာတွေရဲ့ လူရည်လူသွေး ဟာ မညံ့ခဲ့ပါဘူး။ အဲဒါကြောင့် ကိုယ့်ဟာကိုယ် ပြန်ပြီး ဝေဖန်ပိုင်းခြား ကြည့်ကြပါ။ အခုတော့ စောစောကပြောခဲ့ကြတဲ့ ယဉ်ကျေးတယ် ဆိုတဲ့ စကားကို ဆွေးနွေးကြည့်ရအောင်။
ကျောင်းသူ ။ ။“ယဉ်ကျေးတယ်”ဆိုတဲ့စကားနဲ့ အင်္ဂလိပ် စကားက“လူကြီးလူကောင်းစိတ်ဓာတ်”ဆိုတဲ့စကား သဘောချင်း အတူ တူပဲလားဆရာ။
ဆရာ ။ ။ ဆရာတို့ ဆွေးနွေးရင်းနဲ့ အဖြေရလာမှာပေါ့။ သူများတွေထုတ်ပေးထားတဲ့အဖြေထက် ကိုယ့်အချင်းချင်း ငြင်းခုံဆွေးနွေးရာကရလာတဲ့အဖြေက ပိုမှန်နိုင်တာပေါ့။
ကျောင်းသား ။ ။ ကျွန်တော်တို့ ငြင်းခုံဆွေးနွေးကြပေမယ့် အဖြေထွက်မလာတဲ့ ကိစ္စတွေလည်း ရှိတတ်တယ်နော် ဆရာ။
ဆရာ ။ ။ ရှိတာပေါ့ ဒါပေမယ့် ဆရာတို့ သင်တန်းသားတွေအတွက်ကတော့ အင်္ဂလိပ် စကားပြော လေ့ကျင့်ပြီးသားဖြစ်တာမို့ အမြတ်ထွက်ပါတယ်။ ဟုတ်တယ် မှုတ်လား။
ကျောင်းသား ။ ။ ဟုတ်တယ် ဆရာ။
ဆရာ ။ ။ စောစော ကပြောတဲ့ ယဉ်ကျေးတယ် ဆိုတဲ့ စကားကို မြန်မာအဘိဓာန်မှာ ဒီလို အဓိပ္ပာယ် ဖွင့်ထားတယ် ။
( ယဉ် ) နူညံ့သိမ်မွေ့ နှစ်သက်ဖွယ်ဖြစ်သော၊ ရုတ်ကြမ်း ရိုင်းစိုင်းခြင်း မရှိသော၊
( ယဉ်ကျေး ) “သိမ်မွေ့နူးညံ့ ၊ ညင်သာပြေပြစ်သည့် အမူအယာရှိသော၊ ရိုင်းပျခြင်းမရှိသော၊ တီထွင်ဆောင်ရွက် လုပ်ကိုင်တတ်၍ တိုး တက်သည့် အသိဥာဏ်ရှိသော”တဲ့။
အင်္ဂလိပ် အဘိဓာန်တွေမှာလည်း ...
“ညစ်ညမ်းရိုင်းစိုင်းခြင်းမရှိသော၊ သိမ်မွေ့နူးညံ့သော အမူအကျင့်”စသဖြင့် အဓိပ္ပာယ် ဖွင့်ဆိုကြပါတယ်။
ကျောင်းသူ ။ ။ ဒီလိုဆို ချိုသာပျော့ပျောင်းစွာ စကားပြောတာ၊ ကိုယ်ဟန်အမူအယာ နူညံ့သိမ်မွေ့တာ၊ ထီးဟန် နန်းဟန်လေးနဲ့ “မန်းဆန်”တာတွေကို ယဉ်ကျေးတယ် လို့ သတ်မှတ်ရမှာပေါ့။ လူယဉ်ကျေး ဆိုတာ ဒီလောက်နဲ့ မခေါ်နိုင်ဘူးထင်ပါ တယ် ဆရာ။
ဆရာ ။ ။ ဟုတ်တယ် မင်းပြောတာမှန်တယ်။ ယဉ်ကျေးတယ် ဆိုတာ နှုတ်ချိုရုံကလေး ဟန်အမူအယာ နူးညံ့သိမ် မွေ့ရုံလေးလောက်မကပါဘူး။ ဒီထက် ပိုပြီးကျယ်ဝန်း နက်ရှိုင်းပါတယ်။
ကျောင်းသား ။ ။ အကျယ်ချဲ့ပေးပါဦး ဆရာ။
ဆရာ ။ ။ ဥပမာလေးတစ်ခု ပြောကြည့်မယ်နော်။ လူတစ်ယောက်ဆိုပါတော့ ပညာတွေ အများကြီးတတ်ထားပြီး ရာထူးရာခံကြီးလည်းရထားတယ်။ ဥပတိရုပ်လည်း ကောင်းတယ်။ အပြောအဆိုလည်း ချိုသာနူးညံ့ပြီး ဟန်အမူအယာလည်း သိပ်ပြီး ညက်ညောပါတယ်။ ဒါပေမယ့် သူ့အကျင့်ကတော့ လူတကာပေါ် ဖြတ်စားလပ်စားလုပ်ပြီး “လူညွတ်ခူးတတ်တယ်”။ ရသာရရင်
“ဘနဖူးသိုက်တူမယ်”ဆိုတဲ့ စိတ်ဓာတ်မျိုးရှိတယ်။ တခြားလူတစ်ယောက်ကတော့ ပညာမတတ်တဲ့ ဆင်းရဲသား အလုပ်ကြမ်း သမား ဖြစ်တယ်။ လူကြမ်းစိတ်ကြမ်းကြီးပဲ ဒါပေမယ့် ရိုးသားဖြောင့်မတ်ပြီး သဘောဖြူတယ်။ မတော်မတရား ဘယ်တော့မှ မလုပ်ဘူး။ ကိုယ် တိုင် က ဆင်းရဲပြီး ကြက်ယက်သလိုယက်ပြီး ပိုက်ဆံရှာရတာဆိုတော့ ဘယ်သူ့အပေါ်မဆို စာနာတတ်တယ်။ ကဲ၊ အဲဒီ လူနှစ်ယောက်မှာ ဘယ်သူ့ကို “လူယဉ်ကျေး”လို့ခေါ်မလဲ။
ကျောင်းသား ။ ။ ဒါကတော့ ရှင်းပါတယ်ဆရာ။ နောက်လူကိုသာ လူယဉ်ကျေး လို့ခေါ်မှာပေါ့။
ဆရာ ။ ။ အဲလိုဆိုရင် နောက်ဥပမာလေးတစ်ခု ပြောကြည့်မယ်။ အငြင်းသန်ပြီး အင်မတန် ကတ်သီးကတ်ဖဲ့ ပြောတတ်တဲ့ လူတစ်ယောက်နဲ့ မင်း လူပုံအလယ်မှာ အကြောက်အကန် အငြင်းအခုံ ဖြစ်ကြတယ်။ အဲဒီလူဟာ မင်းလိုပညာတတ် တစ် ယောက်မဟုတ်ဘူး။ ဒါကိုလူတိုင်းသိကြတယ်။ အဲဒီလူက သူ့ဥာဏ်လေး တစ်မိုက်တစ်ထွာ လောက်နဲ့ ဇွတ်အတင်း မျက်စိမှိတ်ပြီး ငြင်း နေတာ လူတိုင်း အမြင်ကတ်နေကြတယ်။ အဲဒီလူကို လူပုံအလယ်မှာ အရှက်တကွဲ ဖြစ်သွားပြီး ငြိမ်သွားအောင် မင်းတတ်ထားတဲ့ ပ ညာတွေနဲ့ လုပ်နိုင်စွမ်း မင်းမှာရှိတယ်။ အဲဒါ မင်း သူအရှက်ရအောင် လုပ်ပစ်မလား ။ သူ့ကို သင်ခန်းစာပေးလိုက်တဲ့ သဘောပေါ့။
ကျောင်းသား ။ ။ အသေအချာကို လုပ်ပစ်မှာပေါ့ဆရာ။ ဒါမှ အခြားသူတွေ နားမချမ်းမသာ ဖြစ်နေရတဲ့ အဖြစ်က လွတ်သွားမှာ။
ဆရာ ။ ။ အဲလိုဆိုရင် မင်းဟာ လူယဉ်ကျေး မဟုတ်ဘူး။
ကျောင်းသား ။ ။ ဟင်.. ဘာကြောင့်လဲ ဆရာ၊ ဟိုလူက လူတိုင်း“အော်ကြောလန်”တစ်ယောက်ပဲ။
ဆရာ ။ ။ အောကြောလန် တော့ဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် သူဟာ ပညာ အဆင့်အတန်းအရ ကိုယ်နဲ့ ဘယ်လိုမှ မယှဉ်သာအောင်း နိမ့်ကျနေတဲ့ သူတစ်ယောက်ပဲ။ အဲဒီလို ကိုယ့်ထက် သိပ်နိပ်ကျပြီး ကိုယ်က လွယ်လွယ်နဲ့ နိုင်မှန်းသိတဲ့ လူတစ်
ယောက်ကိုအရှက်ခွဲ ပြီးအနိုင်ယူလိုက်တာဟာ လူယဉ်ကျေး တစ်ယောက်ရဲ့ လုပ်ရပ်မဟုတ်ဘူး ။
ကျောင်းသား ။ ။ အဲဒီလိုဆိုရင် အဲဒီလူကို ဘာလုပ်ရမှာလဲ ဆရာ။
ဆရာ ။ ။ ဆရာ တစ်ခုမေးမယ်။ မင်း အင်မတန်လေးစားတဲ့ မင်းရဲ့ ပါမောက္ခ တစ်ယောက်က မှာတယ်လို့ မင်းအ ခိုင်အမာ ယုံကြည်တဲ့ ကိစ္စတစ်ခုကို လူပုံအလယ်မှာ မှန်တယ်လို့ပြောနေတယ်။ အဲဒီ ကိစ္စ မမှန်ဘူးဆိုတာ အထောက်အထား ခိုင်ခိုင်လုံလုံ ပြစရာ မင်းမှာ ရှိနေတယ်။ အဲဒါမင်းဘာလုပ်မလဲ။ မင်း ပါမောက္ခ ကို ထ ငြင်းမလား။
ကျောင်းသား ။ ။ ဟာ ဆရာကလည်း ကျွန်တော် ဒီလောက်တော့ ဘယ်ရိုင်းပါ့မလဲ။
ဆရာ ။ ။ ဒီလိုဆို မင်း ဘာလုပ်မလဲ။
ကျောင်းသား ။ ။ အသာလေး ပါးစပ်ပိတ်ပြီး ငြိမ်နေမှာပေါ့ ဆရာ။
ဆရာ ။ ။ ဒါဆိုလည်း မင်း ဟာ လူယဉ်ကျေး တစ်ယောက် မဟုတ်ဘူး။ မင်းပါးစပ်ပိတ်ထားတာက မင်းအနေနဲ့ ဘယ်လိုမှ အနိုင်မရနိုင်ဘူးဆိုတာ သေချာတဲ့ ပါမောက္ခ မို့်လို့ ငြိမ်နေတာဖြစ်တယ်။
ကျောင်းသူ ။ ။ အဲလိုဆိုရင် လူယဉ်ကျေး ဆိုတာ ဘယ်လိုဟာမျိုးလည်း ဆရာ။
ဆရာ ။ ။ နောက်ဥပမာတစ်ခုကို စဉ်းစားကြည့်ပါဦး။လူနှစ်ယောက်ဟာ ဓားလွယ်တွေ ဆွဲကိုင်ပြီး အသေကျေ တိုက်ခိုင်နေကြတယ်။ တစ်ယောက်က လူဆိုး လူမိုက် လူယုတ်မာဖြစ်ပြီး၊ ကျန်တစ်ယောက်က စိတ်သဘောထား မြင့်မြတ်တဲ့ လူကြီး လူကောင်းဖြစ်တယ်။ သူသေငါသေ တိုက်ခိုက်နေကြရင်းနဲ့ လူယုတ်မာရဲ့ လက်ထဲက ဓားဟာ ထက်ပိုင်းကျိုးသွားတယ်။ အဲဒီအခါ လူ ယုတ်မာဟာ ဘာမှမတတ်နိုင်တော့ဘဲ မျက်စိစုံမှိတ်ပြီး တစ်ဖက်က ဓားချက် သူ့ဝမ်းဗိုက်ထဲ ဝင်လာမှာကိုသာ စောင့်နေရတယ်။ ဒါပေမယ့် သူစောင့်စားနေတဲ့ ဓားချက်ကရောက်မလာခဲ့ဘူး။ သူမျက်စိဖွင့်ကြည့်လိုက်တော့ တစ်ဖက်လူက နေရာမှာတင် မားမားကြီးရပ်နေပြီး သူ့ ကို ဓားသစ်တစ်ချောင်း ထပ်ယူခိုင်းလိုက်တယ်။ အဲဒီလူဟာ လူယဉ်ကျေး ဖြစ်တယ်။
ကျောင်းသူ ။ ။ လူယဉ်ကျေး ဖြစ်အောင် ဘယ်အရာတွေက ဖန်တီးပေးတာလည်း ဆရာ။ ပညာ ကလား အဆင့် အ တန်း ကလား။
ဆရာ ။ ။ ပညာတတ်တိုင်းလည်း လူယဉ်ကျေး ဖြစ်မလာနိုင်ဘူး။
ကျောင်းသူ ။ ။ အဲဒီလိုဆိုရင် ဘာက လူယဉ်ကျေး ဖြစ်စေတာလဲ။
ဆရာ ။ ။ လူ့ရဲ့“လိပ်ပြာ”ဆိုတာ ကလေးကပေါ့။ လူတွေမသိရအောင် တစ်ခုခုကို တစ်သက်လုံး ဖုံးထားလို့၊ လိမ်ထားလို့ ရနိုင်တယ်။ကိုယ့် လိပ်ပြာ ကိုတော့ ကိုယ်လိမ်လို့ မရဘူး။ ဘယ်သူမှ မသိဘူးဆိုပြီး လူလိမ်လူကောက်တွေဟာ ပျော်ရွှင် နေ နိုင်ကြလိမ့်မယ်လို့ မထင်နဲ့။ သူတို့ လိပ်ပြာ ကသူတို့ကို အမြဲပြန်ခြောက်နေတာ ခံနေရလို့ ဒီလူစားမျိုးတွေဟာ အမြဲတမ်း ကျိတ်ပြီး စိတ် သောကတွေ ခံစားနေရတာချည်းပဲ။ လူရှေ့သူရှေ့မှာ ပြုံးရွှင်ရယ်မောနေပေမယ့် သူတို့ အပြုံးအရယ်တွေမှာ အသက်ဝင်မနေပါဘူး။ အပြုံးသေ၊ အရယ်သေ၊ မျက်နှာသေတွေချည်းပါပဲ။
ကျောင်းသား ။ ။ ဥပမာလေး ပေးပါဦး ဆရာ ။
ဆရာ ။ ။ ရှိတ်စပီးယား ရဲ့ မက္ကဘက်ပြဇာတ်ထဲက မက္ကဘတ်မောင်နှံ ရဲ့အဖြစ်ဟာ အထင်ရှားဆုံး ဥပမာပေါ့။ မက္ကဘတ် မောင်နှံဟာ ဘုရင် နဲ့ ဘုရင်မ ဖြစ်ချင်လွန်းလို့ မတော်မတရားနည်းတွေ သုံးပြီး ဘုရင့်နေရာကို ရအောင်ယူခဲ့ကြတယ်။ သူ တို့ရဲ့သခင် ဒန်ကင် ဘုရင်ကြီးကို ညအိပ်ချိန်မှာ တိတ်တိတ်ကလေး သတ်ပစ်ခဲ့ကြတယ်။ သူတို့သတ်တာကို မြင်တဲ့သူ တစ်ယောက်မှ မ ရှိခဲ့ဘူး။ အဲဒါကြောင့် သူတို့ မက်မောလှတဲ့ ရာဇပလ္လင် ကိုရခဲ့တယ်။ ဒါပေမယ့် ရာဇပလ္လင်ကို တက်ထိုင်မိတဲ့ နေ့ကစပြီး စိတ်ချမ်းသာမှု့ ဆိုတာကို သူတို့ပျောက်ဆုံးသွားခဲ့ရတယ်။ ညညတွေမှာလည်း အိပ်လို့မပျော်ဘူး။ သူတို့သတ်ခဲ့တဲ့ လူတွေရဲ့ ဝိညာဉ်တွေက လာလာပြီး ခြောက်လှန့်နေတယ်လို့ပဲ ထင်နေကြတယ်။ သူတို့လက်မှာ စွန်းပေနေတဲ့ သွေးစက်တွေဟာလည်း ဘယ်လိုမှ စင်အောင်ဆေးလို့ မရဘူး လို့ စိတ်ထဲမှာ ထင်နေကြတယ်။ လင်မယားနှစ်ယောက်လုံးဟာ သူတို့ လိပ်ပြာ ကသူတို့ကိုပြန်ခြောက်တာ ခံရပြီး စိတ္တဇဝေဒနာသည်တွေ ဖြစ်သွားကြတာ သေတဲ့အထိပဲလေ။
ကျောင်းသူ ။ ။ အဲဒီလို ကိုယ့်လိပ်ပြာ ကိုယ်ပြန်လန့်တဲ့ အဖြစ်မျိုးမရာက်ဖို့ ဘာလိုပါသလဲ ဆရာ။
ဆရာ ။ ။“အသိဥာဏ်”လိုတာပေါ့။ အသိဥာဏ်ရှိတဲ့သူမှ ဘယ်ဟာကတော့ဖြင့် လုပ်သင့်တယ်၊ ဘယ်ဟာ ကတော့ဖြင့် မလုပ်သင့်ဘူးဆိုတာကို ဝေဖန်ပိုင်းခြားနိုင်မှာပေါ့။ အဲဒီလို သင့်မသင့် တော်မတော် ဝေဖန်ပိုင်းခြားတတ် သူမှ
“လူယဉ်ကျေး”ဖြစ်လာနိုင်တာပါ။ လောကကြီးမှာ သူတစ်ပါးက ကိုယ့်ကို“ရိုသေ”အောင်းလုပ်ဖို့က လွယ်တယ်။“ကိုယ့်ကိုကိုယ် ရိုသေအောင်”လုပ်ဖို့ကတော့ မလွယ်ဘူး။ အဲဒီလို“ကိုယ့်လိပ်ပြာကိုယ် ရိုသေနိုင်တဲ့လူ”ဟာ “စိတ်ချမ်းသာတဲ့လူ” ဖြစ်တယ်။“လူယဉ်ကျေး”လည်းဖြစ်တယ်။
ကျောင်းသူ ။ ။ အဲဒီလို လူယဉ်ကျေး ဖြစ်ဖို့ တယ်တော့ မလွယ်ဘူးနော်။
ဆရာ ။ ။ အဖိုးတန်တဲ့ အရာ မှန်သမျှ ခပ်လွယ်လွယ် ခပ်ပေါ့ပေါ့နဲ့ မရနိုင်ဘူးလေ။ သင့်တင့်လျောက်ပတ်တဲ့ တန်ဖိုးတော့ ပေးရမှာလေ။