“တစ်ဦးတစ်ယောက်ကို သူ့အကြောင်း အတွင်းကျကျ မသိဘဲနဲ့ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ချက်ချတတ်တာဟာ လူသတ်သမားစိတ် တစ်မျိုးပဲ။ တစ်ပါးသူကို မိမိရဲ့ စွပ်စွဲမှုကြောင့် ရှင်လျက်နဲ့ သေစေသလို အချိတ်တန်လို့ အမြင်မှန်ရလာတဲ့ အခါမှာလည်း မိမိကိုယ်တိုင် နောင်တကြောင့် ရှင်လျက်နဲ့ သေကြရတယ်”
ဒီစာသားလေးကို ရေးခဲ့သူကတော့ မေမေ တို့ခေတ်တုန်းက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် ဝင်းဦး ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်က ရေးသားထားတာဖြစ်ပြီး၊ ၁၉၆၉ ခုနှစ်တွင် ပြန်လည်ဖော်ပြထားတာပါ။ သူကဒီစာသားလေးနဲ့ သူရဲ့ ဝတ္ထုကို အစ ဖွင့်ထားတာပါ။ သူ့ရဲ့ ဝတ္ထုကို အတိုချူပ် ပြောပြပါမယ်။
တပ်ကြပ်ကြီးမြင့်နိုင်ရဲ့ လက်အောက်သို့ တပ်ကြပ်ထွေးကို ဆိုသူတစ်ဦး ရောက်လာသည်။ ထိုထွေးကို မှာ လူရည်သန့်ဖြစ်သလို ရည်လည်းရည်မွန်သဖြင့် အားလုံးက ခင်မင်ကြသည်။ သန်သန်မာမာ ဖျတ်ဖျတ်လတ်လတ်လည်း ဖြစ်သဖြင့် ပထမတွင် မြင့်နိုင် ကိုယ်တိုင်က လက်ရုံးကောင်းရပြီဟု ထင်ခဲ့သည်။
ထွေးကိုကား တာဝန်ကျေပွန်သူ၊ စည်းကမ်းရှိသူ၊ စာရိတ္တကောင်းသူ၊ လူတိုင်းနဲ့ တည့်သူလည်းဖြစ်သည်။ သို့သော် ရေရှည်တွင် မြင့်နိုင်က ထွေးကိုအား နည်းနည်းမှ ကြည့်မရတော့။
မြင့်နိုင်က တကယ့်စစ်သား။ စစ်မတိုက်သော စစ်သားကို အထင်ကြီး၍မရသော လူမျိုးဖြစ်နေသည်။ ထွေးကိုက တိုက်ပွဲထွက်ရန် အချိန်ကျလာတိုင်း အလိမ္မာနှင့် ရှောင်ပြေးနေသည်ချည်းတွေ့ရသောအခါတွင် မြင့်နိုင်က ထွေးကို ကို အလွန်ရွံရှာ အထင်သေးသွားတော့သည်။
သည်လိုနှင့် အထက်အရာရှိကို ပြောပြီး ထွေးကိုအား မြင့်နိုင်ကို သူ့တပ်ထဲတွင် ဆက်မထားဖြစ်ရန် ဆောင်ရွက်လိုက်သေးသည်။ သို့ရာတွင် အဆင်မသင့်ချင်တော့ ထွေးကို ပြောင်းသွားသော တပ်မှ တပ်စု တပ်ကြပ်ကြီး အူအတက်ပေါက်ပြီး ဆေးရုံတက်နေသဖြင့် ထွေးကိုတို့ တပ်စုကိုပါ မြင့်နိုင်က ပူးတွဲ လုပ်ချုပ်ရသည်။
ဖြစ်ချင်တော့ ထိုအချိန်တွင်မှ စစ်ဆင်ရေးတာဝန်က ပေါ်လာသည်။ ထိုအခါ ထွေးကိုက နေမကောင်းသဖြင့် ဆေးရုံတက်ချင်ကြောင်း တစ်ဆင့်ပြောလာသည်။ တပ်ကြပ်ကြီးမြင့်နိုင် ထောင်းခနဲဖြစ်ပြီ။
ထို့ကြောင့် သူ့တပ်စုနှစ်စုမှ တပ်သားအားလုံးကို တန်းစီစေပြီး ဆုံးမစကားပြောတော့သည်။ စစ်သားသည် စစ်မတိုက်ဝံ့ပါက အလွန်ရှက်ဖို့ ကောင်းကြောင်း ပစ်ပစ်နှစ်နှစ်ကြီး ပြောလိုက်ခြင်းဖြစ်သည်။ သူမည်သူ့ကို ရည်ရွယ်ကြောင်း တပ်စုနှစ်စုလုံး သိသကဲ့သို့ ထွေးကို ကိုယ်တိုင်လည်း သိသည်။ မြင့်နိုင်ပြောနေချိန်တွင် ထွေးကို၏မျက်နှာကား ရဲရဲ နီလျက်။
ထိုနေ့ညနေတွင် ထွေးကိုက မြင့်နိုင်ထံသွားရောက်ပြီး ဆေးရုံမတက်လိုတော့ကြောင်း အကြောင်းကြားကာ စစ်ဆင်ရေးလိုက်ရန် ဆုံးဖြတ်လိုက်ကြောင်းကို ယတိပြတ် ပြောလေတော့သည်။
သည်လိုနှင့် ထွေးကိုသည် စစ်သားတစ်ဦး အနေနှင့် ရွပ်ရွပ်ချွန်ချွန် တိုက်ပွဲဝင်ခဲ့သည်။ သို့ရာတွင် ရန်သူ့စခန်းသိမ်းမိနေစဉ်တွင်ပင် ထွေးကို သည် ရန်သူ့ကျည်သင့်ပြီး ကျဆုံးသွားလေသည်။
အသက်ထွက်ခါနီးတွင် ထွေးကိုက မြင့်နိုင်ကိုမှာသည်။ သူစုထားသည့် ငွေနှင့် တပ်မတော်ကပေးမည့် သက်စွန်းကြေးပါ နှစ်ရပ်ပေါင်းပြီး သူ့မိခင်ကြီးအား မြင့်နိုင်ကိုတိုင်သွားပေးရန် ခပ်စင်းစင်း မှာခြင်းသာဖြစ်သသည်။
ကိစ္စဝိစ္စပြီးသောအခါ ထွေးကိုပေးသည့် လိပ်စာအတိုင်း ထွေးကို့မိခင်ကြီးရှိရာ ရွာကို မြင့်နိုင်ရောက်သွားသည်။ လိပ်စာမှာ ရွာဦးဘုန်းကြီးကျောင်း လိပ်စာဖြစ်သဖြင့် ကျောင်းထဲရှိ ကပ္ပိယကြီးကို စုံစမ်းရာ ဘုန်းကြီးကျောင်းဝင်းထဲရှိ တဲအိုလေးပေါ်မှ အမယ်အိုကို ပြသည်။
“မောင်ထွေးတို့ဟာ အမေတစ်ခု၊ သားတစ်ခုပါ ရဲဘောကြီးရယ်။ ဆွေမျိုးမရှိကြဘူး။ မောင်ထွေးကိုဟာ အမေမျက်မမြင်ကြီးကို လုပ်ကျွေးဖို့ စစ်ထဲဝင်သွားတာပဲ။ အားကိုးစရာ ဒီသားတစ်ယောက်သာ ရှိတာမို့ သေဘေးက ဝေးအောင် တိုက်ပွဲခိုက်ပွဲတွေ မထွက်ဖို့ ကတိတောင်းလို့ မောင်ထွေးကို ကတိပေးရှာတယ်။ အမေကြီးကလည်း စိတ်ချလက်ချ၊ ဘုန်းကြီးကျောင်းမှာ မောင်ထွေးကို ထောက်ပံ့ငွေကလေးနဲ့ နေရရှာတာပါ” ဟု ကပ္ပိယကြီးက ရှင်းပြသောအခါ မြင့်နိုင်တစ်ယောက် ဆောက်တည်ရာမရအောင် ဖြစ်သွားတော့သည်။
သည်လိုနှင့် မြင့်နိုင်က ထိုအမယ်ကြီးကို အမေအဖြစ် တစ်သက်စာ စောင့်ရှောက်ရန် ခေါ်လာခဲ့ကြောင်းဖြင့် ဝင်းဦးက သူ့ဝတ္ထုကို ဇာတ်သိမ်း ထားလေသည်။
ကဲ ဒါပါပဲရှင် .... ။ အမှန်အတိုင်းဝန်ခံရရင်တော့ဖြင့် သဉ္ဇာလဲ အဲဒီလိုအပြစ်မျိုးနဲ့ မလွတ်ကင်းဘူးဆိုတာ ဝန်ခံရပါလိမ့်မယ် .. ။ ဘယ်သူမှ မမေးခင် ဝန်ခံထားတာ ဟီးဟီး ။ သူ့လောက် ပြင်းထန်တဲ့အမှား မဟုတ်ပေမယ့် မှားမှန်းသိချိန်မှာ ကိုယ်ကိုယ်တိုင် တော်တော်လေး စိတ်မကောင်းဖြစ်ရပါတယ်။ နောက်နောင်များဖြင့် ဒီလိုအမှာမျိုး မဖြစ်နိုင်သမျှ မဖြစ်ရလေအောင် သတိထားပြီး ကြိုးစားနေပါတယ်။
3 ယောက်အားပေးခဲ့တယ်:
တကယ်မှားခဲ့တာလားဟင်။
တစ်ရာနဲ့ဖြေပေါ့ အဲလေ တရားနဲ့ဖြေပေါ့ ဒီလိုပါပဲ
မမှားသော ရှေ့နေ မသေသောဆေးသမား ဆိုတဲ့ စကားပုံလိုပေါ့။ ဘာပဲဖြစ်ဖြစ် အမှားကိုသိလို့ဝန်ခံရဲတဲ့စိတ်ကိုလေးစားပါတယ်။
အင်း. ဆင်ခြင်မှ ဆင်ခြင်မှ....
အရင်ကမပြောခဲ့မိဘူးထင်ပါရဲ့.....
နောက်ဆိုဆင်ခြင်မှ .......... ဝတ္ထုလေးကောင်းတယ်မမ.. မျှပေးတာကျေးဇူးရှယ်တင်တယ် :D
တစ်ဦးတစ်ယောက် အကြောင်းကို အတွင်းကျကျ မသိပဲ ကိုယ့်ဘာသာ ကို ဆုံးဖြတ်ချက်ချတတ်တာ ဟာ လူသတ်သမားစိတ်ဓါတ်ပဲ...တဲ့..
စွပ်စွဲလှချည်လား ကြီးဒေါ်ရယ်..
တစ်ကယ် ကျွတ်ကျဲသွားပြီ..
Post a Comment