သူငယ်ချင်းတွေ



ဘေးလူတွေ
ငါ့ကို ကြောင်တယ်ထင်မယ်
မင်းတို့တွေပြုံးနေကြလို့
ငါ ကျေနပ်တယ်

ဘေးလူတွေ
မင်းကို လှောင်နေပေမယ့်
ငါ တို့တွေပြုံးနေကြလို့
မင်း ကျေနပ်တယ်

အများကြီးမလိုပါဘူး
ရင်ဘတ်ထဲက သံယောဇဉ်နဲ့
နွေးထွေးစွာ ရှိနေကြရင်
ငါတို့တွေ လုံခြုံနေပြီပဲ.....။

မနေ့ကအတွက် မင်းခံစားမနေပါနဲ့
မနက်ဖြန်အတွက် မင်းတွေးပူမနေပါနဲ့
ဒီနေ့လေးကို ငါတို့အတူဖြတ်သန်းကြမယ်

ကိုင်း က ကျွန်းကို မှီတာလား?
ကျွန်း က ကိုင်းကို မှီတာလား?
အရှည်ကြီးတွေးနေစရာမလိုတော့ဘူး
ဘာတွေဖြစ်ဖြစ်
တို့တွေ သူငယ်ချင်း ဖြစ်နေပြီလေ...

သဉ္ဇာ

ဒီကဗျာလေးကို ကြယ်စင်ပျိုးခင်း မှာ ဖော်ပြပြီးသားပါ။ ဒီနေ့ သူငယ်ချင်း အင်္လကာ (ခ) တာတာ ရဲ့ မွေးနေ့အမှတ်တရအဖြစ် ပြန်လည် ဖော်ပြလိုက်တာပါ။
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ဒီနေ့က အားလုံးချစ်ကြတဲ့ မမဝါ ရဲ့ မွေးနေ့လည်း ဖြစ်ပါတယ်။

မမဝါ နဲ့ တာတာ မွေးနေ့မှာ ပျော်ရွှင်ပါစေ ..... ။

လိပ်ပြာငယ် သို့ တမ်းခြင်း...

ဒီခံစားချက်လေးကတော့ သဉ္ဇာ့ရဲ့ အမလိုတစ်မျိုး၊ သူငယ်ချင်းလိုတစ်မျိုး ခင်မင်ရတဲ့ မမ ရဲ့ ရင်တွင်းဖြစ်လေးပါ..။



ထိခိုက်လွယ်တဲ့ ငါ့နှလုံးသားကို အနာတရ ဖြစ်မှာစိုးလို့ ဘယ်သူအတွက်မှ တံခါး မဖွင့်ပေးခဲ့ပါဘူး...
မင်းကိုတော့ ငါ့ဘဝတစ်ခုလုံးအတွက်ဆိုပြီး စဉ်းစားပြီးမှ စတင်လက်ခံခဲ့ပြီး အစွဲအလန်းကြီးတတ်တဲ့ ငါ့နှလုံးသားနဲ့ မိတ်ဆက်ပေးခဲ့တာပါ။
စိုးရိမ်မှုတွေကြားထဲကပဲ ငါ့နှလုံးသားက မင်းကို ချစ်ခဲ့တယ်။
မင်းရဲ့မတိကျတဲ့ ကတိတွေ၊ စကားတွေထဲက မင်းရဲ့ အချစ်ကို မျှော်လင့်နေခဲ့တာပါ။
ဒါပေမယ့် နောက်ဆုံးတော့လဲ မင်းရဲ့ အေးဆေးတဲ့ ဆုံးဖြတ်မှု၊ ရက်စက်တဲ့ နှလုံးသား၊ ချိုသာတဲ့ စကားလုံးတွေ နဲ့ ငါ့ရဲ့ နှလုံးသားကို သေရာပါဒဏ်ရာရအောင် လုပ်ခဲ့တယ်။
မင်းကိုမေ့နိုင်အောင်ကြိုးစားဖို့... အချိန်တွေကို အကူအညီတောင်းခဲ့လဲ အချည်းအနှီးပါပဲ။
ငါ့နှလုံးသားရဲ့ ဒဏ်ရာကို သက်သာစေနိုင်အောင် အရဲစွန့်ပြီး နောက်တစ်ယောက် အစားထိုးခဲ့လဲ အရာမထင်ခဲ့ပါဘူး..။
မင်းကိုလွမ်းတဲ့ လွန်းဆွတ်မှုတွေသက်သာအောင် အဖော်သစ်တွေ ရှာခဲ့လဲ မင်းအရိပ်က နောက်ကလိုက်နေဆဲပါ........။
ငါ့နှလုံးသားနဲ့ ဘဝတစ်ခုလုံး ကို လွှမ်းမိုးနိုင်တဲ့မင်းကို လူချင်းတစ်ကြိမ်တစ်ခါလောက်တော့ တွေ့ခွင့်ရချင်ပါတယ်။
ဒီဆန္ဒလေး မပြည့်နိုင်ခဲ့ရင်လဲ မင်းကို ငါ့ဘဝ၊ ငါ့နှလုံသားထဲက ညင်သာစွာ လွင့်စင်သွားအောင် ကြံဆောင်နိုင်ဖို့ လိပ်ပြာလေး ကို အကူအညီတောင်းချင်ပါတယ်.....။



စာရေးသူ ... sunflower

သူငယ်ချင်းပြောတဲ့ အချစ်အကြောင်း

ခုတစ်လော စာအသစ်မတင်ဖြစ်တာလဲ ကြာပြီ...။ စာမေးပွဲနဲ့ နှစ်ပါးသွားနေလို့ပါ..။ သူငယ်ချင်းတစ်ယောက်ကလည်း သူ့ခံစားချက်လေး ဖော်ပြပေးဖို့ ရေးပေးထားတာကြာပြီ၊ စာမေးပွဲနဲ့နှစ်ပါးသွား က နေတာနဲ့ သူ့စာလေးကို ခုမှ တင်ပေးဖြစ်တယ်။ စာတင်ပေးတာ နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ် သူငယ်ချင်းရေ..။

ဒီစာသားလေးတွေက သူငယ်ချင်း အလင်္ကာ (ခ) တာတာ ရဲ့ ခံစားချက်လေးပေါ့နော်..။ သူ့ရဲ့ အချစ်အပေါ် ခံစားမှု အမြင်လေးပေါ့။ ကဲ ... ခံစားကြည့်ရအောင်.....

လူတိုင်းမှာ အချစ်ဆိုတာရှိကြတာပါပဲ...။ ဒါပေမယ့် ချစ်တတ်ကြပုံခြင်းတော့မတူပါဘူး။ အချစ် ဆိုတာ ကိုယ့်ရင်ထဲမှာ ကိန်းအောင်းနေပြီဆိုရင် အရာအားလုံးကို မေ့သွားတတ်ကြပါတယ်။ ဟုတ်တယ်မှတ်လား? အဲဒီအချစ်ကိုပဲ လူတွေက အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ကြတယ်။ “အချစ်ဟာမီးလား”“အချစ်မရှိ မဝင်ရ”အဲလို သီချင်းတွေလည်းရှိတယ်လေ..။

ဒါပေမယ့် အချစ်ဆိုတာ ချစ်တတ်ကြသူတွေအတွက် ပျားရည်လို ချိုမြိန်တယ်လေ။ မချစ်တတ်တဲ့ သူတွေကတော့ အဓိပ္ပါယ်မရှိဘူးပေါ့။ အချစ်ရှိတာ မကောင်းပါဘူး၊ အချိန်ကုန်တယ်၊ ကိုယ့်ဘဝရဲ့ လွတ်လပ်မှုကို အနှောင့်အယှက်ဖြစ်တယ် စသဖြင့်ပေါ့လေ။ တချို့ကြတော့ ကိုယ့်ဘက်ကခံလိုက်ရမှာ ကြောက်တယ်။ ဥပမာ.. ချစ်သူအချင်းချင်း အဆင်မပြေ ခွဲခွာတဲ့အခါ မိန်းကလေးဘက်က နစ်နာတယ်လို့ ခံစားရတယ်။ ဒါကလည်း တစ်ယောက်နဲ့ တစ်ယောက် အမြင်ချင်းမတူဘူးလေ။ တစ်ချို့ကလည်း ရည်းစားဆိုတာ ထားသင့်တယ်၊ ယောက်ျားဆိုတာ ရွေးတာများမှ ကိုယ့်အတွက် ကောင်းတာရနိုင်တယ် ဆိုတာမျိုး။ သူမချစ်တော့လည်း ဘာအရေးလဲ နောက်တစ်ယောက်ပေါ့၊ don't care ဆိုတာမျိုးတွေလည်းရှိတတ်သေးတယ်။ အရမ်းချစ်တတ်ကြသူတွေကတော့ သူမှသူပဲ၊ သူဆိုးတာပဲဖြစ်ဖြစ် ကောင်းတာပဲဖြစ်ဖြစ် သည်းခံတတ်ကြပါတယ်။

ကျွန်မကြုံဖူးတာကတော့ ကျွန်မရဲ့ သူငယ်ချင်းက ရည်းစားတစ်ခါမှ မထားဖူးဘူး။ တနေ့မှာ သူအရမ်းချစ်တဲ့ သူနဲ့ တွေ့သွားတယ်။ သူတို့၂ယောက် တစ်ယောက်နဲ့ တစ်ယောက် အမြင်ချင်း မတူကြဘူး။ တစ်ယောက်နဲ့တစ်ယောက်ကတော့ အရမ်းချစ်ကြတယ်။ ဒါပေမယ့် ကောင်လေးက လွတ်လပ်မှုကို မြတ်နိုးတယ်။ ဆိုချင်တာက သူက ချစ်သူအဆင့်ပဲနေချင်တာ။ ကောင်မလေးကတော့ မဟုတ်ဘူး သူနဲ့ ဘဝတလျှောက်လုံး လက်တွဲသွားချင်တာ။ ကောင်မလေးကလည်း အမြဲမေးတယ် သူ့ကိုတကယ်ချစ်တာလား၊ လက်ထပ်ဖို့ရောစဉ်းစားလားပေါ့။ ဒါပေမယ့် ကောင်လေးကတော့ အရမ်းချစ်ကြောင်းပြောပါတယ်၊ လက်ထပ်ဖို့ကိုတော့ တစ်ခါမှ မဖြေကြားခဲ့ဘူး။ နောက်ဆုံးတော့ ကောင်လေးကခရီးထွက်သွားတယ်။ ခွဲခွာတဲ့သက်တမ်းတွေ နှစ်တွေကြာခဲ့ပေမယ့် ကောင်မလေးက သူ့အကြောင်းအမြဲပြောနေတုန်းပဲ..။ ခုချိန်ထိပေါ့။

သူတို့၂ယောက်ရဲ့ ချစ်သက်တမ်းက တော်တော်ကြာခဲ့ပါတယ်။ အဲဒီအချိန်တွေမှာ ကောင်ကလေးက အရမ်းကို အနစ်နာခံခဲ့တာပေါ့။ ကောင်မလေး ဘက်ကဆန္ဒတွေကိုတော့ သူ့ရင်ထဲမှာပဲ သိမ်းထားခဲ့တယ်။ နောက်ဆုံးမှာတော့ ကောင်လေးဟာ သူနဲ့ အဝေးဆုံးမှာ ရှိနေပြီး ကောင်မလေးကတော့ သူ့ဘဝအတွက် အလုပ်တွေနဲ့ ပိနေစေခဲ့ပြီး၊ စိတ်တွေကတော့ သူ့ချစ်သူရှိတဲ့ အဝေးတနေရာဆီကို ရောက်နေခဲ့တယ်လေ။

ကျွန်မအမြင်ပြောရရင် ကောင်မလေးက သူ့ရင်ထဲမှာ ဖြစ်ချင်တာကို ပြောပြသင့်တာပေါ့နော်။ ဒါကြောင့်လောကမှာ ချစ်သူတွေချင်း အပြန်အလှန် ပွင့်လင်းရိုးသားဖို့၊ သစ္စာရှိဖို့ လိုတယ်လို့ထင်ပါတယ်။ ကိုယ်ကစိတ်ချမ်းသာပြီး သူတပါး စိတ်ညစ်နေမယ်ဆိုရင်လည်း မကောင်းပါဘူး။ အချစ်ဆိုတာ အပျော်သဘော မဟုတ်ဘဲ အလေးအနက်ထားသင့်ပါတယ်။ ဒါမှ အချစ်ဆိုတာကို ယုံကြည်စိတ်ချလို့ရမှာပါ။

လောကမှာ ချစ်တတ်ကြသူတိုင်း ပျော်ရွှင်နိုင်ကြသလို၊ ချစ်သူတိုင်းပေါင်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်....။

စာရေးသူ .... အလင်္ကာ (ခ) တာတာ

သူငယ်ချင်း အလင်္ကာရေ တင်ပေးလိုက်ပြီနော် ...။ ဟဲဟဲ.........။

ကြေငြာချက်

ကြေငြာချက်ဆိုလို့ တစ်မျိုးတော့ မထင်ကြပါနဲ့ သယ်ရင်းတို့ရေ ...
ကိုဦးမျှော်လင့်ခြင်းကောင်းကင် တစ်ယောက် ဆီဗုံးလည်းပျောက်နေရှာပြီ
သယ်ရင်းတို့ဆီကို လာလည်ရန်အတွက်လည်း လင့်ခ်တွေလည်း မရှိတော့ပါဘူးတဲ့ ..
ဟိုမှာ ကိုဦးတစ်ယောက် တိုင်တွေပတ်ကုန်ပြီ ဟီးဟီး...
အဲဒါ သယ်ရင်းတို့သိအောင် ကြော်ငြာပေးတာပါ ...
သယ်ရင်းတို့ရဲ့ လင့်ခ်လေးများ သူ့ကွန်းမန့်မှာ သွား ကြော်ငြာပေးလိုက်ကြပါလို့ ...
သိပြီးသူတွေလည်း သိပြီးလောက်ပါပြီ။ မသိသေးသူများ သိအောင်လို့ ကြော်ငြာပေးခြင်းပါ ခင်မျာ.. အဲလေ.. ရှင် ။

သန်းခေါင်ထက် နက် တဲ့ ည

အလွမ်းတွေကို ဖြတ်ကူးနေရတဲ့ ဒီည
စက္ကန့်တိုင်းကို ဆွဲဆန့်ထားလေသလား ??

အခုတလော
ငါကြောက်ရွံဖူးတဲ့ အလွမ်းတွေထဲ ကူးခတ်ရင်း....
ငါ ကိုယ်တိုင် ပျော်ဝင်နေမိလို့ ...
ဒီည .....
ငါ့ခံစားချက်သယ်ဆောင်ရာနောက် ငါစီးမျောမယ် ....

နွမ်းလျပြီးသား ငါ့နှလုံးသားလည်း
ဒီ့ထက်ဒီ ပိုနာကျင်စရာ မရှိတော့ပြီမို့
ဒဏ်ရာအပြည့်နဲ့ ငါ့အလွမ်းတွေအတွက်
အမှောင်ထုရေ....
သန်းခေါင်အပြင် ထပ် ညဥ့်နက်နိုင်သေးတယ်ဆိုရင်
မင်းစိတ်ရှိသလောက်သာ နက် လိုက်ပါတော့  ....
ငါ ဆိုတဲ့သူ လွမ်းဖို့ အသင့်ပါပဲ........။


အချစ်တဲ့....

ဒွင်း.. ဒွင်း (Dream) တက်ဂ်ထည့်လိုက်တာကလည်း ချက်ကောင်းကိုမှ တက်ဂ်ထည့်လိုက်တယ်။ ချစ်သာချစ်နေကြတာ အချစ်ဆိုတာဘာလဲလို့ အမေးခံရတော့လည်း ယောင်လည်ယောင်လည် ဖြစ်နေပြန်ရော...။ အချစ်ဆိုတာကြီးကလည်း လူတစ်ဦးချင်းဆီရဲ့ ခံစားချက်နဲ့ လိုက်ပြီး ကွဲပြားနေတတ်ပြန်တော့.... ခံယူချက်တွေလည်း အမျိုးမျိုးပေါ့။ ကိုယ့်အတွေးနဲ့ကိုယ် ရေးလိုက်ဦးမယ် ... စာဖတ်သူများလည်း အားရပါးရ သဘောတူ၊ ထောက်ခံ၊ ငြင်းဆန်၊ ကွဲလွဲနိုင်ပါတယ်ရှင့်.... :P

အချစ်ဆိုသည်မှာ လေးစားခြင်း၊ ယုံကြည်ခြင်း၊ စိတ်ချခြင်း၊ အသိအမှတ်ပြုခြင်း၊ နားလည်ခြင်းနဲ့ လက်ခံခြင်းတို့ အချိုးကြ ပါဝင်တယ်လို့ထင်ပါတယ်။

လောက မှာ အချစ်အမျိုးမျိုးရှိနေကြတာပဲ မဟုတ်လား.။ နှစ်ဦးနှစ်ဖက် အပြန်အလှန်ချစ်ကြသူတွေ၊ တဖက်သက် နဲ့ နှစ်နှစ်ကာကာချစ်နေသူတွေ။ ပေးဆပ်မှုတွေ၊ ရယူမှုတွေ၊ နားလည်မှုတွေ နဲ့ ချစ်နေကြတာပဲလေ။

အချစ်ဆိုတာ တစ်ခါတစ်လေ အဆုံးစွန်သော နားလည်ပေးမှုတွေနဲ့ စွန့်လွှတ်ပေးနိုင်ပါတယ်။

ကိုယ်ချစ်တဲ့သူအတွက်ဆိုရင် သူကိုယ့်ကို လိုအပ်ချိန်မှာ ရှိနေပေးချင်ကြမယ်၊ မလိုအပ်တော့ဘူးဆိုရင် ပြောနေစရာတောင်မလို ရှောင်ပေးနေပြီးသားဖြစ်နေမယ်။ အဲဒီအတွက်လည်း အမုန်းတွေ ကင်းစွာနဲ့ကို ကျေနပ်နေတက်ကြတယ်။ အပြစ်တင်ပြောဆိုမှုတွေ ကင်းနေမယ်။ ဘယ်သူမှားခဲ့တယ် ဘယ်သူမှန်ခဲ့တယ်ဆိုတဲ့ အမှားအမှန်တွေ မရှိ၊ အနိုင်အရှုံးတွေ မရှိ။ ပကတိ စိတ်ထဲကနေ ချစ်တယ်ဆိုတာနဲ့ပဲ ချစ်ပြသွားတတ်ကြတယ်။


သူ့ကို သူ့စိတ်တိုင်းကျ ရွေးချယ်မှုတွေ ရှိနေစေမယ်။ သူရွေးချယ်နေတဲ့ ဆုံးဖြတ်ချက်တွေကို ကိုယ်က နားလည်မှုတွေနဲ့ လက်ခံပေးလိုက်မယ်။ သူ့အပေါ်ချစ်တဲ့ ကိုယ့်ရဲ့အချစ်တွေကို သူကလည်း ယုံကြည်နေစေသလို၊ သူရွေးချယ်သွားတဲ့ လမ်းအတွက်လည်း ကိုယ်က အသိအမှတ်ပြုပေးလိုက်ပါမယ်။ ဒီလိုနည်းလေးနဲ့ သူ့အပေါ်ချစ်တဲ့ ကိုယ့်ရဲ့အချစ်တွေကို လေးလေးစားစားဖြစ်နေစေမယ်။ ကိုယ်ကိုယ်တိုင် မပူလောင်သောနည်းနဲ့ ကိုယ့်ချစ်သူကိုပါ အေးချမ်းစေချင်ပါတယ်။

ကိုယ်ချစ်တဲ့သူကို စွန့်လွှတ်လိုက်ရလို့ နာကျင်ရမှာ မှန်ပါတယ်။ ဒါပေမယ့် ကိုယ့်အနားမှာ သူရှိနေပြီး သူ့စိတ်က ကိုယ့်ဆီမှာ မရှိပဲ နှစ်ယောက်လုံး နာကျင်နေရမှာထက်စာရင် ကိုယ်တစ်ယောက်တည်း နာကျင်နေရတာက ပိုကောင်းပါတယ်။ တစ်ခါတစ်လေ ကိုယ်ဖြစ်ချင်တာထက် ဖြစ်သင့်တာကို နှစ်ဦးနှစ်ဖက်ကို လေးစားသောအားဖြင့် ဆုံးဖြတ်ရမှာပါပဲ။ ဒါကတော့ တစ်ဖက်သတ် အချစ်နဲ့ ဆိုင်တယ်လို့ဆိုရမှာပေါ့နော်...။

နှစ်ဦးနှစ်ဖက် ချစ်နေကြသူတွေမှာတော့ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေးစားယုံကြည်မှုက အရေးအကြီးဆုံးလို့ထင်ပါတယ်။
တစ်ဦးတစ်ယောက်ကိုချစ်လာတဲ့အခါ သူလိုအပ်တာလေးတွေကို အလိုလိုသိနေနိုင်သလို။ သူမကြိုက်တာတွေကိုလည်း မလုပ်မိအောင် ရှောင်ဖြစ်သွားပါတယ်။ အပြန်အလှန် ယုံကြည်မှုတွေရှိနေမယ်၊ နားလည်မှုတွေနဲ့ စောင့်ထိန်းတတ်လာမယ်။ တစ်ချို့ကတော့ရှိပါတယ် သူမကြိုက်တာတွေကို သူ့ရှေ့မှာ မလုပ်ဘူး၊ နောက်ကွယ်မှာ လုပ်တယ်။ သူမှ မသိတာကွာ တစ်ခါတစ်လေပဲ ဘာမှမဖြစ်ပါဘူး ဆိုတဲ့ ဆင်ခြေလေးတွေနဲ့ပေါ့။ အင်း အဲဒီကစတာပါပဲ...။ အဲဒီစကားလေးတစ်ခွန်းက ပြောမယ့်သာပြောတာ သေချာစဉ်းစားကြည့်ရင် ကိုယ်သူ့အပေါ်ချစ်တဲ့ အချစ်ရဲ့တန်ဖိုးကို ဟိုးအောက်ဆုံးထိ ဆွဲချသွားတတ်တာကို သတိမထားမိကြဘူး...။

တကယ်ပဲလေးလေးစားစားနဲ့ ချစ်မယ်ဆိုရင် သူမကြိုက်တာကို သူ့နောက်ကွယ်မှာ လက်တွေ့မပြောနဲ့ စိတ်နဲ့တောင် မချိုးဖောက်မိအောင် ထိန်းသိမ်း နေမိမှာပါပဲ။ အဲဒီအချစ်တစ်ခုကို ပေါ့ပျက်ပျက်စကားလုံးလေးနဲ့တောင် အညှိုးအနွမ်း မခံနိုင်ပါဘူး။ ဒါကတော့ ကိုယ့်ဘက်ကခံယူချက်ပေါ့နော်..။

အဲ.. သူ့ဘက်ကိုရော ကိုယ့်အပေါ်ချစ်တဲ့ အချစ်ကို ဘယ်လိုနားလည်ပေးနိုင်မှာလဲ ဆိုရင်တော့.. ဟုတ်ကဲ့ ဒီလိုပဲ ခံယူမိမှာပါပဲ။ သူသာ ကိုယ့်ကိုတစ်ကယ်ချစ်ရင် ကိုယ်မကြိုက်တာတွေကို ပြောနေဖို့တောင် လိုမယ်မထင်ပါဘူး။ သူ့ဘာသာသူ သိနေမှာပါပဲ။ ဒါမှလည်း တရားမယ်လို့ထင်တယ်။ ကိုယ့်ဘက်ကချည်းပဲ လိုက်ပြီးနားလည်ပေးနေရမယ်၊ ဖြည့်တွေးပေးနေရမယ် ဆိုရင်တော့ တစ်ဖက်သတ်အချစ်နဲ့ ဘာများကွားဦးမှာလဲ.. နော့..။

ဟိုရုပ်ရှင်ထဲကလိုပေါ့ လူတစ်ယောက်ကိုချစ်ဖို့ကလွယ်ပါတယ် ချစ်မြဲချစ်နေဖို့သာ ခက်တာပါတဲ့..။

မှန်ပါတယ် .. တစ်ဦးနဲ့တစ်ဦး ချစ်လိုက်ဖို့က၊ ချစ်သူတွေအချင်းချင်း ချစ်မြဲချစ်နေကြအောင် လုပ်ရတာလောက် မခက်ဘူးလို့ထင်ပါတယ်။


တစ်ဦးနဲ့တစ်ဦး လေးစားယုံကြည်မှုတွေ နဲ့ အပြန်အလှန် နားလည်ပေးပြီး တည်ဆောက်တဲ့ အချစ်မျိုးမှ စိတ်ထဲမှာ လုံခြုံမှုရှိတဲ့ အချစ်တစ်ခု ဖြစ်လာမယ်လို့ထင်ပါတယ်။ တစ်ဦးရဲ့စိတ်ကို တစ်ဦးက လုံခြုံမှုပေးနိုင်ရပါမယ်။ တည်ဆောက်ထားတဲ့အချစ်တွေ ခိုင်မာနေအောင် အလုပ်နဲ့သက်သေပြရမယ်။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုတွေ မပျက်စီးသွားအောင် ကြိုးစားတည်ဆောက်နေရမယ်။ ကိုယ်စီ စိတ်ထဲမှာလည်း သံသယတွေ ကင်းနေစေရမယ်။ သံသယတွေ ကင်းနေစေဖို့လည်း အပြန်အလှန် ကြိုးစားစောင့်ထိန်းနေရမယ်။ ပြဿနာ တစ်ခုခု ရှိလာပြီဆို အရင်ဆုံး အငြင်းမပွားကြဘဲ နှစ်ဦးစလုံးက ပြဿနာရဲ့ အခြေခံ အကြောင်းအရင်းကို ခေါင်းအေးအေးနဲ့ စဉ်းစား ပြီး ဖြေရှင်းသင့်တယ်။

နှစ်ဦးလုံးရဲ့ စိတ်ထဲမှာ ကိုယ်တည်ဆောက်ထားတဲ့ အချစ်ကို တွေးလိုက်တာနဲ့ အေးချမ်း လုံခြုံမှုကို ခံစားနေရမယ်ဆိုရင်၊ ဘယ်လောက်များ စိတ်ချမ်းသာစရာကောင်းမလဲနော်....။ အချစ်ဆိုတာ နှစ်ဦးစလုံးကို အေးချမ်းနေစေတာ အကောင်းဆုံးလို့ ထင်ပါတယ်။

ကဲ နှစ်ဦးနှစ်ဖက် အချစ်ကိုတော့ သည်လိုမျိုးလေးဖြစ်သင့်တယ်ဆိုတဲ့ အတွေးနဲ့ ရေးထားတာပေါ့နော်.. ဟဲဟဲ ။
တစ်ဖက်သတ် အချစ်ကတော့ သည်လိုမျိုးလေး ချစ်ဖူးတယ် ဆိုတာ ပြောပြတာပါ..။

လူကြီးမင်းတို့လည်း ကိုယ့်သဘောထားလေးနဲ့ကိုယ်၊ကိုယ့်ခံယူချက်နဲ့ကိုယ် ချစ်နိုင်ကြပါတယ်။
သဘောထား တူညီသူတွေရော၊ မတူညီတူတွေပါ ချစ်ခြင်းမှာ အေးချမ်းနိုင်ကြပါစေ.....။

ဖြစ်သလိုစားတယ်၊ စားသလိုဖြစ်တယ် ....

လာပြန်ပါပြီ ဒီတစ်ခါတော့ ဖြစ်သလိုစားသလားတဲ့။ ဒေါ်ခေါင်ခေါင် နဲ့ ဦးအိမ်တို့ရဲ့ကောင်းမှုလေ..။ ဖြစ်သလို စာတတ်သလားဆိုတော့ကာ.....။ အင်း.. စာတတ်တယ်လို့ပဲဖြေရမယ်။ ဟုတ်တယ် အစားအသောက်ကို သိပ်မရွေးဘူး။ ကိုယ်ကဖြစ်သလိုစားလိုက်ပြီး ဗိုက်ကလည်း ကိုယ်စားသလို ဖြစ်သွားတာပါပဲ။ မဖြစ်လို့လဲ မရဘူးလေ ဗိုက်မှာ သူစားချင်တာစားဖို့ ပါးစပ်မှ မပါတာ။ ကိုယ်စားသလိုပဲ ဖြစ်ရမှာပေါ့..။

မနက်စာဆိုရင်လည်း ကော်ဖီ ပါရင် ရပြီး ဘာနဲ့ပဲဖြစ်ဖြစ် စားလိုက်တာပဲ။ ကော်ဖီမသောက်ရရင်တော့ အဆင်မပြေဘူး၊ တစ်နေကုန် ခေါင်းမကြည်သလို ဖြစ်နေတတ်တယ်။ ပြီးတော့ ပြောပြရအုံးမယ် ဒေါ်သဉ္ဇာ ကလေ မနက်စာကို များများစားတတ်တယ်၊ ဘာကြောင့်မှန်း လည်းမသိ မနက်စာဆို များများစားဖြစ်တာကို သတိထားမိတယ်။ တစ်ညလုံး ငတ်ထား၍လည်း ဖြစ်နိုင်တယ်။

နေ့လည်စာကိုတော့ အလုပ်ရောက်နေရင် အမေထည့်ပေးလိုက်တဲ့ ထမင်းဘူးလေးပဲ အားကိုးလိုက်ပါတယ်။ စနေနေ့အလုပ်တက်ရရင်တော့ ထမင်းဘူး မထည့်ဘူး သူငယ်ချင်းတွေနဲ့ အပြင်မှာ ဝယ်စားဖြစ်တယ်။ မေမေကိုတော့ မှာထားပါတယ် ဟင်ချက်ရင် ဆီသိပ်မထည့်ဖို့ပါ။“ဝ”လာမှာစိုးလို့ အဆီ မစားခြင်း မဟုတ်ပါ (အထင်မလွဲစေလိုကြောင်း)။ အဆီများတဲ့ဟင်းကို ပါးစပ်ထဲထည့်ပြီး ဝါးနေရတဲ့ ဒုက္ခက တော်တော် ဆိုးလို့ပါ။ အဆီများတဲ့ ဟင်းကိုတွေ့ရင် မျက်ရည်လေးတွေ လယ် ချင်လာပါတယ်။ အလုပ်ပိတ်တဲ့နေ့တွေဆိုလည်း မေမေက ဘာဟင်းစားချင်လဲလို့မေးရင် ဖြေရခက်နေတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် စားမှာပါပဲ...။

ညစာဆိုရင်တော့ အလုပ်ကပြန်ရောက်တာနဲ့ ကျောင်းတန်းသွားရသေးတယ်လေ..၊ ဆိုတော့ကာ ဘာဟင်းချက်လဲလို့ မေးရုံတင်လေး မေးဖြစ်တာများတယ်။ ကျောင်းသွားရင်းနဲ့ လမ်းမှာ တစ်ခုခု ဝယ်သွားပါတယ်။ ကျောင်းရောက်မှ စားတယ်။ ညဘက်အိပ်ခါနီးရင်တော့ နွားနို့တစ်ခွက်သောက်ပြီး အိပ်တော့တာပါပဲ။

အဲဒါတွေက ကျောင်းနဲ့ အလုပ်တက်ရတဲ့နေ့တွေပေါ့နော်....။ စနေတနင်္ဂနွေဆိုရင်တော့ ဒေါ်သဉ္ဇာတစ်ယောက် အိမ်မှာ“ချက်ပျက်ကြော်တူး”အလုပ်တွေ လုပ်ပါတယ်။ သူများလို ချက်ပြုတ်ကြော်လှော်ခြင်းမဟုတ်ပါ ချက်ရင် ပျက်ပြီး၊ကြော်ရင်တူးသွားလို့ ချက်ပျက်ကြော်တူး ပါ။ တကယ်လို့များ စားချင်ကြတယ်ဆိုရင်တော့ အိမ်လာလည်ဖို့ဖိတ်ခေါ်ပါတယ်။ ဒေါ်သဉ္ဇာ ချက်တာကို စားဖူးသွားရင်တော့ အရင်က ဖြစ်သလို မစားတတ်သူများပါ“ဖြစ်သလို စားတတ်သွားခြင်း”ဆိုတဲ့ အကျိုးအမြတ်ကို ရရှိနိုင်ပါတယ် ။