စာအုပ်ထဲမှာ စိတ်ကနစ်နေတယ်။ ဘေးခန်းက ဖွင့်ထားတဲ့ သီချင်းသံ ဆူဆူညံညံ၊ အပေါ်ထပ်က ဆက်တိုက်ထောင်းနေတဲ့ ငရုတ်ဆုံသံ တဒုံးဒုံး၊ အောက်ထပ်က ကလေးငိုသံ တဂွဲဂွဲ၊ ဘာတစ်ခုမှ မကြားဘူး။ စာထဲမှာပဲ စိတ်နစ်နေတာ။ ဒါက ထင်ရှားတဲ့ ဥပမာ။
တစ်ခါတစ်လေကျတော့ ကိုယ်ကတွေးချင်ရာတွေးနေမယ်၊ ကိုယ့်စိတ်က ရောက်ချင်ရာရောက်သွားတယ်၊ ကိုယ်နဲ့အတူရှိနေသူက စကားတွေ တရစပ်ပြောနေရင်းက“ဖြေပါဦး”လို့ပြောတဲ့အခါကျတော့မှ“ဟင်...ဘာမေးလိုက်လို့လဲ” လို့ဖြစ်သွားတာမျိုးလည်း ကြုံဖူးကြပါလိမ့်မယ်။
ပြောချင်တာက နားထဲကိုဝင်နေပေမယ့် ကြားရဲ့လားဆိုတဲ့ပြဿနာပါ။ ရယ်စရာကောင်းတာတစ်ခုက “နားထောင်” တဲ့အလုပ်ကို မွေးကင်းစမှ သေသည်အထိ တစိုက်မတ်မတ်လုပ်နေရ၊ သုံးစွဲနေရတာ မှန်ပေမယ့် “နားထောင်နည်း၊ နားစိုက်နည်း” ကိုတော့ ဘယ်သူကမှ စနစ်တကျ သင်မပေးခဲ့ကြပါဖူးတာပဲ။
လူလူချင်း ဆက်ဆံရေး ပြဿနာတွေရဲ့ အခြေခံမှာ အဲဒီ့ ကောင်းကောင်းမကြားလိုက်တာက အဓိကပါပဲ။“ကြားပါတယ်” လို့ ပြောဖြစ်တဲ့အခါ အသံတွေနားထဲ ဝင်လာခြင်းမျှသာဖြစ်ပါတယ်။ ခွေးဟောင်သံလည်း ကြားလိုက်တာပဲ၊ ကားဟွန်းသံလည်း ကြားလိုက်တာပဲ။ ဒါပေမယ့် “နားစိုက်တယ်” ဆိုတာကျတော့ အနက်ဖွင့်တာ၊ သုံးသပ်တာ၊ နားလည်တာ၊ တုံ့ပြန်တာ နဲ့ မှတ်သားတာများ ပါဝင်သွားပါတော့တယ်။
နောက်က ဟွန်းတီးတယ်၊ ခတ်ဆတ်ဆတ် ၄- ၅- ချက်ဆင့်တီးတဲ့အခါ “ဒါ စိတ်မရှည်စွာ တီးလိုက်သံပဲ” လို့ အနက်ဖွင့်ပါတယ်။ သည်အခါမှာ ”ရှေ့မှာ ကားတန်းကြီး ပိတ်နေတာကို မစာနာတတ်သူ” လို့ သုံးသပ်နားလည်လိုက်ပါတယ်။ နောက်တစ်ကြိမ် သည်လိုဟွန်းတီးသံမျိုးဆိုရင်လည်း စိတ်မရှည်လို့ တီးတဲ့ဟွန်းသံလို့ ဦးနှောက်က အလိုလို မှတ်သားလိုက်ပါပြီ။
ဒါ စကားပြောတာ မဟုတ်သေးပါဘူး။ ဟွန်းသံလေးတစ်ခုကို ကြားလိုက်ချိန်မှာ ဖြစ်သွားတာပါ။ လူတစ်ဦးနဲ့ တစ်ဦး ပြောဆိုဆက်သွယ်တဲ့ အခါမှာတော့ တို့တတွေက စကားတွေကို ကြားချင်သလို ကြားတတ်ပါတယ်။
“ဟား... ဝတ်ကောင်းစားလှတွေနဲ့ ကျော့လို့ပါလား၊ ခုလိုကျတော့လည်း တော်တော်နုသွားတာပဲ”
ကြားလိုက်တဲ့စကားကို ဘယ်လိုသုံးသပ်မှာလဲ။ ဒါ သက်သက်မဲ့ ရိတာလို့ တွေးရင်လည်းရပါတယ်။ ဒါမှမဟုတ် ချီးကျူးတာ သက်သက်ပဲလို့ ကောက်ရင်လည်း ဖြစ်တယ်။ ဒါမှမဟုတ် “နုသွားတာပဲဆိုတော့ ကျုပ်က အိုပြီပေါ့” လို့ အထအန ကောက်လိုက်မယ် ဆိုလည်း ဖြစ်နေသေးတယ်။
စကားဆိုတာ ကား တတ်တဲ့သဘာဝ ရှိတယ်ဆိုတဲ့ မြန်မာဆိုရိုးစကားတစ်ခု ရှိပါတယ်။ အမှန်က စကားတွေက ကားသွားတာထက် အစကတည်းက ပီပီပြင်ပြင် မကြားလိုက်တာပါ၊ ဒါမှမဟုတ် ကိုယ်လိုချင်သလို ကောက်ယူပြီး ကြားနာလိုက်တာသာဖြစ်ပါလိမ့်မယ်။ သူ့အဓိပ္ပာယ်နဲ့သူ ပြောလိုက်တာကို ကိုယ့် အဓိပ္ပာယ်နဲ့ ကိုယ် ကြားလိုက်ပြီး ပြန်ပြောတဲ့အခါ တတိယလူကလည်း သူအတွေးနဲ့သူ နားလည်သွားရင်းက စကားတွေ ကားကုန်တဲ့သဘော ဖြစ်နိုင်ပါတယ်။
မိတ်ဆွေချင်း၊ လုပ်ဖော်ကိုင်ဖက်ချင်း၊ အိမ်နီးချင်း၊ အထက်လူနဲ့အောက်လူ၊ မောင်နှမ၊ သားအမိချင်း၊ လင်မယားချင်း ဖြစ်ကြသမျှ ပြဿနာတွေမှာ သူပြောချင်သလို ပြောလိုက်တာကို ကိုယ်ကြားချင်သလို ကြားလိုက်တာက အဓိက လက်သည်ပါပဲ၊
အဲတော့ကာ နားထောင်နေတိုင်း လုံးစေ့ ပတ်စေ့ ကြားရဲ့လားဆိုတာကို လူတိုင်းစဉ်းစားဖို့ လိုပါလိမ့်မယ်။ သူများပြောလိုက်တဲ့စကားက ကိုယ့်အတွက် စိတ်ဆိုး၊ ဒေါသထွက်စရာ ဖြစ်နေမယ်ဆိုရင်တောင် သူ တကယ်ပဲ ကိုယ့်ကို ဒေါသထွက်စေလို၊ စိတ်ဆိုးစေလိုတဲ့ အဓိပ္ပာယ်နဲ့ ပြောတာ သေချာရဲ့လား တစ်ချက်လောက် ပြန်လည် သုံးသပ်ကြည့် ဖြစ်မယ်ဆိုရင်၊ ဒေါသမီးလေးများ လျှော့ပါး သွားစေမလား။ တကယ်လို့သာ သူက ကိုယ့်ကိုစိတ်ဆိုးစေလိုတဲ့ ဆန္ဒ မရှိခဲ့ဘူးဆိုရင် ကိုယ့်မှာ ဒေါသထွက်လိုက်ရတာသာ အဖတ်တွေတင်ပြီး မျက်နှာပျက်စရာတွေ ဖြစ်ကုန်ရင် မကောင်းဘူးပေါ့။
သူငယ်ချင်းတို့တွေလည်း ကြားလိုက်တဲ့စကားလုံးတိုင်းကို အဓိပ္ပာယ်ကောက် မမှားကြပါစေဖို့ ဆန္ဒပြုပါတယ်။