ကိုဗှေး ရဲ့ တစ်ဖက်သက်

ဒီတစ်ခါတော့ စာရေးဆရာ ကိုဗှေး ကိုယ်တိုင်ကြုံလိုက်ရတဲ့ အဖြစ်တစ်ခုကို ပြောပြမှာပါ။

အဖြစ်လေးကတော့ တစ်မနက် နယူးယောက်မြို့ မြေအောက်ရထားထဲတွင် ဖြစ်သည်။ လူတွေက အေးအေး ဆေးဆေး ထိုင်နေကြတယ်။
တစ်ချို့က သတင်းစာဖတ်၊ တစ်ချို့က အတွေးထဲမှာ မျောနေ၊ တစ်ချို့ကျတော့ မျက်လုံးကိုမှိတ်ပြီး နားနေကြတယ်။ ကျောင်းသင်ခန်းလေး တစ်ခုလို ငြိမ်သက်တိတ်ဆိတ်နေတဲ့ မြင်ကွင်းလေးတစ်ခုပါ။

အဲဒီ့ အချိန်မှာ ရထားထဲကို လူတစ်ယောက်နဲ့ ကလေးတွေ ဝင်ချလာတယ်။ ကလေးတွေက အော်ကြီးဟစ်ကျယ်နဲ့ တက်ကြွလှုပ်ရှားလွန်း
နေတာမို့ ရထားတွဲလေးထဲက ငြိမ်သက်တဲ့ဥတုလေးဟာ ချက်ချင်းကို ပြောင်းသွားတော့တယ်။

ဝင်လာတဲ့သူက ကျွန်တော့်ဘေးမှာ ဝင်ထိုင်လိုက်ပြီး မျက်လုံးကို စုံမှိတ်နေတယ်။ သူ့ပုံက အခြေအနေကို နည်းနည်းလေးမှ မရိပ်စားမိဘူးဆိုတာ သေချာတယ်။ ကလေးတွေက တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် အော်ဟစ်ကြလို့၊ တွေ့ကရာ လျှောက်ပစ်တဲ့ သူက ပစ်၊ တစ်ယောက်ကဆို တွဲထဲက လူတွေ ဖတ်နေတဲ့ သတင်းစာတွေကိုတောင် သွားဆွဲလားဆွဲနဲ့။

တော်တော့်ကို မျက်စိနောက်စရာ ကောင်းနေတာပါ။ ဒါပေမယ့် ကျွန်တော့်ဘေးက လူကတော့ သူ့ကလေးတွေကို တစ်ခွန်းမှ ဟန့်ဖော်မရဘူး။ ကျွန်တော့်စိတ်ထဲမှာ တော်တော့်ကို ကသိကအောက်ဖြစ်လာတယ်။ မဖြစ်ဘဲကို မနေနိုင်တော့ဘူး။ ကိုယ့်ကလေးတွေ သည်လောက် သောင်းကျန်းနေတာကို နေစိမ့်ပြီး တစ်ခွန်းမှ ဟန့်ဖော်မရတဲ့ သူ့ကိုလည်း ကျွန်တော် ဘယ်လိုမှကို နားမလည်တတ်တော့ဘူး။ တော်တော် တာဝန်မဲ့တဲ့ဖအေပဲလို့ အောက်မေ့နေမိတယ်။

တစ်တွဲလုံးက လူတွေလည်း ကျွန်တော့်လိုပဲ သိသိသာသာကို စိတ်အနှောင့်အယှက် ဖြစ်နေကြပြီ။ နောက်ဆုံးတော့ ကျွန်တော်လည်း ဘယ်လိုမှ မအောင့်နိုင်တော့ဘူး။ သူ့ဘက်လှည့်ပြီး ပြောလိုက်ရတော့တယ်။

“သည်မယ်နောင်ကြီး၊ နောက်ကြီးရဲ့ ကလေးတွေကြောင့် ဘေးလူတွေ တော်တော့်ကို အနှောင့်အယှက်ဖြစ်ကုန်ကြပြီဗျာ။ နည်းနည်းလောက် ပြောပါဦးလားဗျာ”

အဲဒီလူလည်း မျက်လုံးပွင့်လာပြီး ကလေးတွေကို ငေးနေတယ်၊ သူကြည့်နေပုံက ရထားတွဲကြီတစ်တွဲလုံးကို အခုမှ မြင်ဖူးပြီး သူ့ကလေး တွေကိုလည်း အခုမှ မြင်ရသလိုမျိုးကြီးရယ်။ ပြီးတော့ ခပ်လေးလေး ပြန်ပြောတယ်။

“ဟုတ်သားပဲဗျာ။ ကျွန်တော် ကလေးတွေကို ပြောလိုက်ပါဦးမယ်။ ကျွန်တော်တို့က အခုပဲ ဆေးရုံက ပြန်လာတာဗျ။ ကလေးတွေရဲ့အမေ လွန်ခဲ့တဲ့ တစ်နာရီလောက်ကပဲ ဆုံးသွားတယ်လေ။ ကျွန်တော်လည်း ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး၊ သူတို့လေးတွေလည်း ရုတ်တရက် အမိမဲ့သွားတဲ့ အနေအထားကို ဘယ်လိုရင်ဆိုင်ရမယ်မှန်း မသိတတ်သေးတော့ ထင်ရာ လျှောက်လုပ်ရင်း ဖြစ်ကုန်တယ် ထင်ပါရဲ့ဗျာ” တဲ့။

စာဖတ်သူအနေနဲ့ အဲဒီအချိန်မှာ ကျွန်တော ဘယ်လိုခံစားလိုက်ရမယ်ဆိုတာကို မှန်းဆနိုင်မယ်ထင်ပါတယ်။ ကျွန်တော် မူလမြင်ထားတဲ့ အမြင်ကနေ ရုတ်ချည်းပြောင်းလဲသွားတယ်။ အမြင်ပြောင်းသွားတဲ့အတွက် အတွေးလည်း ပြောင်းသွားသလို၊ ခံစားချက်လည်း ပြောင်းသွားတယ်၊ အမူအရာလည်း ပြောင်းသွားပါတော့တယ်။

ကျွန်တော့်စိတ်ထဲမျာ အနှောင့်အယှက်ဖြစ်နေခဲ့တာတွေ ချက်ချင်းပျောက်သွားတယ်။ သည်လူ့ကို စာနာစိတ်နဲ့ သနားတဲ့စိတ်က ချက်ချင်း ဖြစ်လာတယ်။ သူ့ကိုအားပေးဖို့ စိုင်ပြင်လိုက်မိတယ်။ အခြေအနေက ရုန်ချည်းပြောင်းသွားတော့တာပါပဲ။

ဒါလေးက စာရေးဆရာ ကိုဗှေး ရဲ့ ကိုယ်တွေ့လေးတစ်ခုပေါ့။

“သူ့ဖက်ကကြည့်တော့ လက်ဖဝါး ၊ ကိုယ့်ဖက်ကကြည့်တော့ လက်ဖမိုး”
တစ်ခါတစ်လေ တို့တွေ တစ်စုံတစ်ယောက်ကို အပြစ်တွေ မမြင်ကြခင် ကိုယ်မသိသေးတဲ့ သူ့ဘက်အခြမ်းက ဘာတွေဖြစ်နေလို့များလဲ၊ ကိုယ်မတွေးမိလိုက်တဲ့ သူတစ်ဖက်သားရဲ့ အခြေအနေက ကိုယ်ထင်တာထက်ကို ဆိုးရွားလွန်းနေတတ်တာကို သတိလေး ထား လိုက်ကြရအောင်။

ဝင်းဦးရဲ့ တစ်ဖက်သက် ....

“တစ်ဦးတစ်ယောက်ကို သူ့အကြောင်း အတွင်းကျကျ မသိဘဲနဲ့ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ချက်ချတတ်တာဟာ လူသတ်သမားစိတ် တစ်မျိုးပဲ။ တစ်ပါးသူကို မိမိရဲ့ စွပ်စွဲမှုကြောင့် ရှင်လျက်နဲ့ သေစေသလို အချိတ်တန်လို့ အမြင်မှန်ရလာတဲ့ အခါမှာလည်း မိမိကိုယ်တိုင် နောင်တကြောင့် ရှင်လျက်နဲ့ သေကြရတယ်”

ဒီစာသားလေးကို ရေးခဲ့သူကတော့ မေမေ တို့ခေတ်တုန်းက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် ဝင်းဦး ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်က ရေးသားထားတာဖြစ်ပြီး၊ ၁၉၆၉ ခုနှစ်တွင် ပြန်လည်ဖော်ပြထားတာပါ။ သူကဒီစာသားလေးနဲ့ သူရဲ့ ဝတ္ထုကို အစ ဖွင့်ထားတာပါ။ သူ့ရဲ့ ဝတ္ထုကို အတိုချူပ် ပြောပြပါမယ်။

တပ်ကြပ်ကြီးမြင့်နိုင်ရဲ့ လက်အောက်သို့ တပ်ကြပ်ထွေးကို ဆိုသူတစ်ဦး ရောက်လာသည်။ ထိုထွေးကို မှာ လူရည်သန့်ဖြစ်သလို ရည်လည်းရည်မွန်သဖြင့် အားလုံးက ခင်မင်ကြသည်။ သန်သန်မာမာ ဖျတ်ဖျတ်လတ်လတ်လည်း ဖြစ်သဖြင့် ပထမတွင် မြင့်နိုင် ကိုယ်တိုင်က လက်ရုံးကောင်းရပြီဟု ထင်ခဲ့သည်။

ထွေးကိုကား တာဝန်ကျေပွန်သူ၊ စည်းကမ်းရှိသူ၊ စာရိတ္တကောင်းသူ၊ လူတိုင်းနဲ့ တည့်သူလည်းဖြစ်သည်။ သို့သော် ရေရှည်တွင် မြင့်နိုင်က ထွေးကိုအား နည်းနည်းမှ ကြည့်မရတော့။

မြင့်နိုင်က တကယ့်စစ်သား။ စစ်မတိုက်သော စစ်သားကို အထင်ကြီး၍မရသော လူမျိုးဖြစ်နေသည်။ ထွေးကိုက တိုက်ပွဲထွက်ရန် အချိန်ကျလာတိုင်း အလိမ္မာနှင့် ရှောင်ပြေးနေသည်ချည်းတွေ့ရသောအခါတွင် မြင့်နိုင်က ထွေးကို ကို အလွန်ရွံရှာ အထင်သေးသွားတော့သည်။

သည်လိုနှင့် အထက်အရာရှိကို ပြောပြီး ထွေးကိုအား မြင့်နိုင်ကို သူ့တပ်ထဲတွင် ဆက်မထားဖြစ်ရန် ဆောင်ရွက်လိုက်သေးသည်။ သို့ရာတွင် အဆင်မသင့်ချင်တော့ ထွေးကို ပြောင်းသွားသော တပ်မှ တပ်စု တပ်ကြပ်ကြီး အူအတက်ပေါက်ပြီး ဆေးရုံတက်နေသဖြင့် ထွေးကိုတို့ တပ်စုကိုပါ မြင့်နိုင်က ပူးတွဲ လုပ်ချုပ်ရသည်။

ဖြစ်ချင်တော့ ထိုအချိန်တွင်မှ စစ်ဆင်ရေးတာဝန်က ပေါ်လာသည်။ ထိုအခါ ထွေးကိုက နေမကောင်းသဖြင့် ဆေးရုံတက်ချင်ကြောင်း တစ်ဆင့်ပြောလာသည်။ တပ်ကြပ်ကြီးမြင့်နိုင် ထောင်းခနဲဖြစ်ပြီ။

ထို့ကြောင့် သူ့တပ်စုနှစ်စုမှ တပ်သားအားလုံးကို တန်းစီစေပြီး ဆုံးမစကားပြောတော့သည်။ စစ်သားသည် စစ်မတိုက်ဝံ့ပါက အလွန်ရှက်ဖို့ ကောင်းကြောင်း ပစ်ပစ်နှစ်နှစ်ကြီး ပြောလိုက်ခြင်းဖြစ်သည်။ သူမည်သူ့ကို ရည်ရွယ်ကြောင်း တပ်စုနှစ်စုလုံး သိသကဲ့သို့ ထွေးကို ကိုယ်တိုင်လည်း သိသည်။ မြင့်နိုင်ပြောနေချိန်တွင် ထွေးကို၏မျက်နှာကား ရဲရဲ နီလျက်။

ထိုနေ့ညနေတွင် ထွေးကိုက မြင့်နိုင်ထံသွားရောက်ပြီး ဆေးရုံမတက်လိုတော့ကြောင်း အကြောင်းကြားကာ စစ်ဆင်ရေးလိုက်ရန် ဆုံးဖြတ်လိုက်ကြောင်းကို ယတိပြတ် ပြောလေတော့သည်။

သည်လိုနှင့် ထွေးကိုသည် စစ်သားတစ်ဦး အနေနှင့် ရွပ်ရွပ်ချွန်ချွန် တိုက်ပွဲဝင်ခဲ့သည်။ သို့ရာတွင် ရန်သူ့စခန်းသိမ်းမိနေစဉ်တွင်ပင် ထွေးကို သည် ရန်သူ့ကျည်သင့်ပြီး ကျဆုံးသွားလေသည်။

အသက်ထွက်ခါနီးတွင် ထွေးကိုက မြင့်နိုင်ကိုမှာသည်။ သူစုထားသည့် ငွေနှင့် တပ်မတော်ကပေးမည့် သက်စွန်းကြေးပါ နှစ်ရပ်ပေါင်းပြီး သူ့မိခင်ကြီးအား မြင့်နိုင်ကိုတိုင်သွားပေးရန် ခပ်စင်းစင်း မှာခြင်းသာဖြစ်သသည်။

ကိစ္စဝိစ္စပြီးသောအခါ ထွေးကိုပေးသည့် လိပ်စာအတိုင်း ထွေးကို့မိခင်ကြီးရှိရာ ရွာကို မြင့်နိုင်ရောက်သွားသည်။ လိပ်စာမှာ ရွာဦးဘုန်းကြီးကျောင်း လိပ်စာဖြစ်သဖြင့် ကျောင်းထဲရှိ ကပ္ပိယကြီးကို စုံစမ်းရာ ဘုန်းကြီးကျောင်းဝင်းထဲရှိ တဲအိုလေးပေါ်မှ အမယ်အိုကို ပြသည်။

“မောင်ထွေးတို့ဟာ အမေတစ်ခု၊ သားတစ်ခုပါ ရဲဘောကြီးရယ်။ ဆွေမျိုးမရှိကြဘူး။ မောင်ထွေးကိုဟာ အမေမျက်မမြင်ကြီးကို လုပ်ကျွေးဖို့ စစ်ထဲဝင်သွားတာပဲ။ အားကိုးစရာ ဒီသားတစ်ယောက်သာ ရှိတာမို့ သေဘေးက ဝေးအောင် တိုက်ပွဲခိုက်ပွဲတွေ မထွက်ဖို့ ကတိတောင်းလို့ မောင်ထွေးကို ကတိပေးရှာတယ်။ အမေကြီးကလည်း စိတ်ချလက်ချ၊ ဘုန်းကြီးကျောင်းမှာ မောင်ထွေးကို ထောက်ပံ့ငွေကလေးနဲ့ နေရရှာတာပါ” ဟု ကပ္ပိယကြီးက ရှင်းပြသောအခါ မြင့်နိုင်တစ်ယောက် ဆောက်တည်ရာမရအောင် ဖြစ်သွားတော့သည်။

သည်လိုနှင့် မြင့်နိုင်က ထိုအမယ်ကြီးကို အမေအဖြစ် တစ်သက်စာ စောင့်ရှောက်ရန် ခေါ်လာခဲ့ကြောင်းဖြင့် ဝင်းဦးက သူ့ဝတ္ထုကို ဇာတ်သိမ်း ထားလေသည်။

ကဲ ဒါပါပဲရှင် .... ။ အမှန်အတိုင်းဝန်ခံရရင်တော့ဖြင့် သဉ္ဇာလဲ အဲဒီလိုအပြစ်မျိုးနဲ့ မလွတ်ကင်းဘူးဆိုတာ ဝန်ခံရပါလိမ့်မယ် .. ။ ဘယ်သူမှ မမေးခင် ဝန်ခံထားတာ ဟီးဟီး ။ သူ့လောက် ပြင်းထန်တဲ့အမှား မဟုတ်ပေမယ့် မှားမှန်းသိချိန်မှာ ကိုယ်ကိုယ်တိုင် တော်တော်လေး စိတ်မကောင်းဖြစ်ရပါတယ်။ နောက်နောင်များဖြင့် ဒီလိုအမှာမျိုး မဖြစ်နိုင်သမျှ မဖြစ်ရလေအောင် သတိထားပြီး ကြိုးစားနေပါတယ်။

နားပါပေမယ့် ကြားသာရဲ့လား ???

စာအုပ်ထဲမှာ စိတ်ကနစ်နေတယ်။ ဘေးခန်းက ဖွင့်ထားတဲ့ သီချင်းသံ ဆူဆူညံညံ၊ အပေါ်ထပ်က ဆက်တိုက်ထောင်းနေတဲ့ ငရုတ်ဆုံသံ တဒုံးဒုံး၊ အောက်ထပ်က ကလေးငိုသံ တဂွဲဂွဲ၊ ဘာတစ်ခုမှ မကြားဘူး။ စာထဲမှာပဲ စိတ်နစ်နေတာ။ ဒါက ထင်ရှားတဲ့ ဥပမာ။

တစ်ခါတစ်လေကျတော့ ကိုယ်ကတွေးချင်ရာတွေးနေမယ်၊ ကိုယ့်စိတ်က ရောက်ချင်ရာရောက်သွားတယ်၊ ကိုယ်နဲ့အတူရှိနေသူက စကားတွေ တရစပ်ပြောနေရင်းက“ဖြေပါဦး”လို့ပြောတဲ့အခါကျတော့မှ“ဟင်...ဘာမေးလိုက်လို့လဲ” လို့ဖြစ်သွားတာမျိုးလည်း ကြုံဖူးကြပါလိမ့်မယ်။

ပြောချင်တာက နားထဲကိုဝင်နေပေမယ့် ကြားရဲ့လားဆိုတဲ့ပြဿနာပါ။ ရယ်စရာကောင်းတာတစ်ခုက “နားထောင်” တဲ့အလုပ်ကို မွေးကင်းစမှ သေသည်အထိ တစိုက်မတ်မတ်လုပ်နေရ၊ သုံးစွဲနေရတာ မှန်ပေမယ့် “နားထောင်နည်း၊ နားစိုက်နည်း” ကိုတော့ ဘယ်သူကမှ စနစ်တကျ သင်မပေးခဲ့ကြပါဖူးတာပဲ။

လူလူချင်း ဆက်ဆံရေး ပြဿနာတွေရဲ့ အခြေခံမှာ အဲဒီ့ ကောင်းကောင်းမကြားလိုက်တာက အဓိကပါပဲ။“ကြားပါတယ်” လို့ ပြောဖြစ်တဲ့အခါ အသံတွေနားထဲ ဝင်လာခြင်းမျှသာဖြစ်ပါတယ်။ ခွေးဟောင်သံလည်း ကြားလိုက်တာပဲ၊ ကားဟွန်းသံလည်း ကြားလိုက်တာပဲ။ ဒါပေမယ့် “နားစိုက်တယ်” ဆိုတာကျတော့ အနက်ဖွင့်တာ၊ သုံးသပ်တာ၊ နားလည်တာ၊ တုံ့ပြန်တာ နဲ့ မှတ်သားတာများ ပါဝင်သွားပါတော့တယ်။

နောက်က ဟွန်းတီးတယ်၊ ခတ်ဆတ်ဆတ် ၄- ၅- ချက်ဆင့်တီးတဲ့အခါ “ဒါ စိတ်မရှည်စွာ တီးလိုက်သံပဲ” လို့ အနက်ဖွင့်ပါတယ်။ သည်အခါမှာ ”ရှေ့မှာ ကားတန်းကြီး ပိတ်နေတာကို မစာနာတတ်သူ” လို့ သုံးသပ်နားလည်လိုက်ပါတယ်။ နောက်တစ်ကြိမ် သည်လိုဟွန်းတီးသံမျိုးဆိုရင်လည်း စိတ်မရှည်လို့ တီးတဲ့ဟွန်းသံလို့ ဦးနှောက်က အလိုလို မှတ်သားလိုက်ပါပြီ။

ဒါ စကားပြောတာ မဟုတ်သေးပါဘူး။ ဟွန်းသံလေးတစ်ခုကို ကြားလိုက်ချိန်မှာ ဖြစ်သွားတာပါ။ လူတစ်ဦးနဲ့ တစ်ဦး ပြောဆိုဆက်သွယ်တဲ့ အခါမှာတော့ တို့တတွေက စကားတွေကို ကြားချင်သလို ကြားတတ်ပါတယ်။

“ဟား... ဝတ်ကောင်းစားလှတွေနဲ့ ကျော့လို့ပါလား၊ ခုလိုကျတော့လည်း တော်တော်နုသွားတာပဲ”

ကြားလိုက်တဲ့စကားကို ဘယ်လိုသုံးသပ်မှာလဲ။ ဒါ သက်သက်မဲ့ ရိတာလို့ တွေးရင်လည်းရပါတယ်။ ဒါမှမဟုတ် ချီးကျူးတာ သက်သက်ပဲလို့ ကောက်ရင်လည်း ဖြစ်တယ်။ ဒါမှမဟုတ် “နုသွားတာပဲဆိုတော့ ကျုပ်က အိုပြီပေါ့” လို့ အထအန ကောက်လိုက်မယ် ဆိုလည်း ဖြစ်နေသေးတယ်။

စကားဆိုတာ ကား တတ်တဲ့သဘာဝ ရှိတယ်ဆိုတဲ့ မြန်မာဆိုရိုးစကားတစ်ခု ရှိပါတယ်။ အမှန်က စကားတွေက ကားသွားတာထက် အစကတည်းက ပီပီပြင်ပြင် မကြားလိုက်တာပါ၊ ဒါမှမဟုတ် ကိုယ်လိုချင်သလို ကောက်ယူပြီး ကြားနာလိုက်တာသာဖြစ်ပါလိမ့်မယ်။ သူ့အဓိပ္ပာယ်နဲ့သူ ပြောလိုက်တာကို ကိုယ့် အဓိပ္ပာယ်နဲ့ ကိုယ် ကြားလိုက်ပြီး ပြန်ပြောတဲ့အခါ တတိယလူကလည်း သူအတွေးနဲ့သူ နားလည်သွားရင်းက စကားတွေ ကားကုန်တဲ့သဘော ဖြစ်နိုင်ပါတယ်။

မိတ်ဆွေချင်း၊ လုပ်ဖော်ကိုင်ဖက်ချင်း၊ အိမ်နီးချင်း၊ အထက်လူနဲ့အောက်လူ၊ မောင်နှမ၊ သားအမိချင်း၊ လင်မယားချင်း ဖြစ်ကြသမျှ ပြဿနာတွေမှာ သူပြောချင်သလို ပြောလိုက်တာကို ကိုယ်ကြားချင်သလို ကြားလိုက်တာက အဓိက လက်သည်ပါပဲ၊

အဲတော့ကာ နားထောင်နေတိုင်း လုံးစေ့ ပတ်စေ့ ကြားရဲ့လားဆိုတာကို လူတိုင်းစဉ်းစားဖို့ လိုပါလိမ့်မယ်။ သူများပြောလိုက်တဲ့စကားက ကိုယ့်အတွက် စိတ်ဆိုး၊ ဒေါသထွက်စရာ ဖြစ်နေမယ်ဆိုရင်တောင် သူ တကယ်ပဲ ကိုယ့်ကို ဒေါသထွက်စေလို၊ စိတ်ဆိုးစေလိုတဲ့ အဓိပ္ပာယ်နဲ့ ပြောတာ သေချာရဲ့လား တစ်ချက်လောက် ပြန်လည် သုံးသပ်ကြည့် ဖြစ်မယ်ဆိုရင်၊ ဒေါသမီးလေးများ လျှော့ပါး သွားစေမလား။ တကယ်လို့သာ သူက ကိုယ့်ကိုစိတ်ဆိုးစေလိုတဲ့ ဆန္ဒ မရှိခဲ့ဘူးဆိုရင် ကိုယ့်မှာ ဒေါသထွက်လိုက်ရတာသာ အဖတ်တွေတင်ပြီး မျက်နှာပျက်စရာတွေ ဖြစ်ကုန်ရင် မကောင်းဘူးပေါ့။

သူငယ်ချင်းတို့တွေလည်း ကြားလိုက်တဲ့စကားလုံးတိုင်းကို အဓိပ္ပာယ်ကောက် မမှားကြပါစေဖို့ ဆန္ဒပြုပါတယ်။

လက်ဆောင်ကောင်းလေး....

“တစ်ဖက်လူဆီက ကိုယ် ဘာလက်ဆောင်မျိုး မျှော်လင့်ပါသလဲ ?
အဲဒီအရာကို လက်ဆောင်အဖြစ် သင်က အရင်ပေးပါ ”


တစ်ချို့က အားပေးစကားတွေလိုအပ်နေတတ်တယ်၊ တစ်ချို့က ချီးကျူးစကားတွေ လိုအပ်တယ်၊ တစ်ချို့ကတော့ ဂရုစိုက်မှုကို လိုအပ်နေကြပါတယ်။ ကိုယ်က အားပေးစကားလေးတစ်ခွန်း၊ ချီးကျူးစကားလေးတစ်ခွန်း ပြောလိုက်ရတာ ဘာမှ ဝန်မလေးပေမယ့်၊ ကိုယ့်ရဲ့ သူ့အပေါ်ထားလိုက်တဲ့ ဂရုစိုက်မှုလေးတစ်ခုက သူ့အတွက် အရမ်းကိုအားဖြစ်ထွန်းစေခဲ့မယ်ဆိုရင် သင်“ပီတိ” ဆိုတဲ့ဝမ်းသာခြင်းကို ခံစားရမှာအမှန်ပါပဲ။ ဂရုစိုက်မှုဆိုတာ ပိုက်ဆံတွေ အများကြီး အကုန်ခံပြီး တန်ဖိုးကြီးတာတွေ ဝယ်ပေးမှ ဂရုစိုက်တယ်လို့ ခေါ်တာ မဟုတ်ပါဘူး။ သမရိုးကျ အပြုအမူလေးတွေကပဲ ဂရုစိုက်မှုကို ဖော်ပြ နေတာပါ။ အထူးသဖြင့် မိသားစုနဲ့ခွဲပြီး ရေခြားမြေခြားမှာ နေနေကြတဲ့ သူတွေဆို ဒီလိုလက်ဆောင်မျိုးကိုပဲ ပိုပြီးတောင့်တကြမှာပါ။

သဉ္ဇာ့မှာ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ သူ့မှာ မိဘ တွေမရှိကြတော့ဘူး၊ အကိုဖြစ်သူနဲ့မောင်နှမ နှစ်ယောက်တည်း နေကြတာပါ။ သူက အရမ်းကိုတော်ပါတယ်။ မိန်းကလေးတစ်ယောက်အနေနဲ့ဆိုလည်း တော်တော်လေး စိတ်ဓာတ်ကြံ့ခိုင်တယ်လို့ဆိုရမယ်။ တစ်နေ့တော့ သူနဲ့စကားတွေပြောကြရင်းနဲ့ သဉ္ဇာ့ကို သူတစ်ခုပြောလာပါတယ်။ “ငါ နင့် ကိုအားကျတယ်”တဲ့ ။
သဉ္ဇာအံ့သြသွားပါတယ် ရယ်ပြီးတော့တောင်ပြန်ပြောလိုက်သေးတယ် နင်ကပဲ ငါ့ကိုအားကျနေရသေးလား လို့ပေါ့။ အဲဒီတော့မှ သူကပြောပါတယ် နင်က မိဘနဲ့အတူနေနေရတယ်လေ တဲ့ ငါဆိုအိမ်ပြန်ရောက်ရင် ထမင်းစားပြီးပြီလား ဆိုပြီ မေးမယ့်သူတောင် မရှိဘူးတဲ့ သူအဲဒီစကားပြောတာ မျက်ရည်ဝဲမနေပါဘူး ဒါပေမယ့် သူ့ရင်ဘက်ထဲကလာတဲ့ ရိုက်ခတ်မှုနှုန်းကို သဉ္ဇာသိ လိုက်ပါတယ်။ သဉ္ဇာ့သူငယ်ချင်းလေး လိုအပ်နေတာ သူများတွေက ဘာမှသိပ်အရေးမကြီးဘူးလို့ထင်တဲ့ သမရိုးကျမေးခွန်း လေးတွေနဲ့ သမရိုးကျ အပြုအမူလေးတွေပါ ။

အဲဒီနေ့ကစပြီး နေ့တိုင်းမဟုတ်တောင်မှ ကြုံရင်ကြုံသလို သူအိမ်ပြန်ရောက်တတ်တဲ့အချိန်တွေ၊ အလုပ်နားရက်တွေမှာ သူ့ဆီ ဖုန်းဆက်ပြီး “ဟေး ထမင်းစားပြီးပြီလား၊ အိပ်ယာနိုးပြီလား၊ ဆိုင်ကယ်စီးရင်သတိထားနော်၊ အိမ်ပြန်ရောက်ပြီလား” စသဖြင့် ဘာမှထွေထွေထူးထူး မဟုတ်တဲ့ သမရိုးကျ မေးခွန်းလေးတွေကို မေးပေးခဲ့ပါတယ်။ အဲလိုမေးပြီးတဲ့ အချိန်တိုင်းလည်း ကိုယ်ကိုယ်တိုင်က ပြုံးဖြစ်နေတာကို သတိထားမိပါတယ်၊ သေချာပါတယ် သူငယ်ချင်းလေးလည်း ပြုံးနေမှာပါ။

အဲဒီလိုနဲ့တော်တော်လေးလည်းကြာတော့ သဉ္ဇာ အလုပ်အသစ်တစ်ခုပြောင်းဖြစ်ခဲ့တယ်။ အလုပ်သစ်စဝင်တဲ့နေ့ ညဘက်မှ သူငယ်ချင်း တွေနဲ့တွေ့ကြတယ။် ဘာရယ်ညာရယ်မဟုတ်ဘဲ ဟိုလူက ဘယ်လိုလဲ၊ ဒီလူက ဘယ်လိုလဲ စသဖြင့် ဟိုပြောဒီပြော ပြောဆိုရယ်မော နေကြရင်း စောစောက ပြောတဲ့ သဉ္ဇာ့ သူငယ်ချင်းလေးက ၊ နေ့လည်ထမင်းစားဆင်းချိန်တုန်းက ဖုန်းဆက်မလို့ပဲတဲ့၊ မေ့သွားတာ အလုပ်ပြန်တက်မှ သတိရလို့တဲ့ အားနာနာနဲ့ပြောရှာပါတယ်။ အဲလိုပြောလိုက်တော့သူဖုန်းဆက်ဖြစ်တာ မဆက်ဖြစ်တာထက် သဉ္ဇာ အလုပ်သစ်မှာ အဆင်ပြေရဲ့လားလို့ သူဖုန်းဆက်ပြီး အားပေးချင်ခဲ့မှန်းကို သိလိုက်ရတာ၊ တကယ်ပါ ပြောမပြတတ်တဲ့ ကြည်နူးမှုလေး ခံစားရတယ်။ သူအကောင်အထည်မဖော်လိုက်ရပေမယ့် အဲဒီလို ဆန္ဒလေး ရှိမှန်း သိလိုက်ရတာကိုက ကိုယ်လုပ်ခဲ့တဲ့ဂရုစိုက်မှုလေးက သူ့အတွက် မှတ်မှတ်ရရလေး ဖြစ်နေစေပါလား ဆိုတာကိုပါ သိခွင့်ရလိုက်ပါတယ်။

ကိုယ်က မျှော်လင့်မထားပေမယ့် ပြန်ရလိုက်တဲ့အခါ အဲဒီလက်ဆောင်ဟာ တန်ဖိုးကြီးမားသွားပါတယ်။ သဉ္ဇာ့သူငယ်ချင်းလေးက လက်ဆောင်ကောင်းတစ်ခု ပြန်ပေးခဲ့ပါပြီ။ ရင်ဘတ်နဲ့ရင်းပြီးပေးတဲ့ လက်ဆောင်မျိုးပါ။ တန်ဖိုးကြီးမားပါတယ်။ ဘာနဲ့မှလည်း ပေးဝယ်လို့မရပါဘူး။ အမှတ်တရလက်ဆောင်ဆိုတာ လက်ခံရရှိသူရဲ့ ရင်ဘတ်ထဲမှာ ထင်ကျန်နေစေတာ ပိုကောင်းပါတယ်။

သူငယ်ချင်းတို့လည်း ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့သူကို သမရိုးကျမေးခွန်းလေး တစ်ခုလောက် မေးကြည့်လိုက်ပါလား? သူတကယ်လိုအပ်နေတဲ့ အရာလေး ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။ သူ ရယ်ချင်ရယ် လိမ့်မယ်၊ ဒါပေမယ့် သူကြည်နူးမိမှာပါ။
သူငယ်ချင်းလည်း“ပီတိ”ဆိုတာကို သိမြင်ခံစားလာရပါလိမ့်မယ်။

တစ်ခါသာကြုံမည့် ပထမ များ

ကို အိမ် က tag ထားတယ်ဆိုလို့ မနည်းဖြစ်ညှစ်စဉ်းစားပြီးရေးလိုက်တာပါ။ မရေးမချင်း စောင့်နေမယ်( တိုင်နဲ့ခေါင်းနဲ့) ဆိုလို့ အမှု့မပတ်ခင် အပြီးရေးလိုက်ရတာပါ။ လူတစ်ယောက် တစ်ဘဝမှာ တစ်ခါသာကြုံကြတဲ့ ပထမဆုံးတွေဆိုတော့ အမှတ်တရ ပျော်စရာလေးပါ။

ပထမဆုံး လူ့လောကထဲ ရောက်လာချိန် ................ 21.2.1986 ( tag တဲ့သူဆီက ပြန်ခိုးချထားသည် :P )

ပထမဆုံး တက်သည့်ကျောင်း ......................... အ.မ.က(၃) ပဲခူး ..
( ပထမစတက်တုန်းကတော့ မူကြိုသဘောမျိုးတက်တာပါ ပဲခူးမှာက မူကြိုတွေဘာတွေ နည်းတာကိုး။ အသက်က ၄ နှစ်ပဲရှိသေးတာ ကျောင်းပျော်သဘော မေမေ တို့က သွားထားတာ ဆရာမက စာလိုက်နိုင်တယ်ဆိုပြီး တစ်ခါတည်း အတန်းတင်ပေးလိုက်တာ၊ ဆရာမကျေးဇူးနဲ့ ဘွဲ့ရတဲ့ထိ အသက်လိမ်ပြီးကျောင်းနေခဲ့တာ ဟိဟိ :P ။ အဲဒီမှာ ၃ တန်းထိတက်ပြီးမှ ရန်ကုန်မှာပြောင်းနေတာပါ )

ပထမဆုံး ရသည့်ဆု ..................................... သူငယ်တန်းမှာ ဒုတိယ ဆုရပါတယ် ...

ပထမဆုံး ရသည့်လက်ဆောင်.......................... ဆုရတော့ ဖေဖေနဲ့မေမေ က ဂါဝန်အဖြူလေး ဝယ်ပေးတယ်
( ဆုတက်ယူတာလည်း အဲဒီ ဂါဝန်လေးနဲ့၊ ခုထိသိမ်းထားတယ် )

ပထမဆုံး သူငယ်ချင်း .................................. ခင်မာဝေ
( မျက်နှာချင်းဆိုင်အိမ်မှာနေတာလေ၊ သဉ္ဇာ့အတွက်ဆို အားလုံးကို ရန်လိုက်ဖြစ်တက်တယ် )

ပထမဆုံး လိုက်ဆိုဖြစ်တဲ့သီချင်း ........................ ဒုတိယ တန်းလောက်တုန်းက ဗဒင် ရဲ့“ဒို့ကတော့ ဒို့ကတော့”လေ၊
( အဲဒီတုန်းက သီချင်းထဲက “ သိုးမဲဟောင်း”ဆိုတာကို နားမလည်တော့ “သိုးနွားမဲဟောင်း”ဆိုပြီး လိုက်လိုက်ဆိုလို့ ဖေဖေနဲ့မေမေ က ခုထိပြောပြောပြီး ရယ်နေကြတုန်း.. :D )

ပထမဆုံး ဘလော့ဂ်ရေးတာ .......................... ကြယ်စင်ပျိုးခင်းပါ။

ပထမဆုံး ချစ်သူ ....................................... ဒုတိယနှစ်တက်တုန်း သူငယ်ချင်းကို ကိုယ်ကတစ်ဖက်သက်ချစ်တာလေ
( အဲဒီမှာ ပဲ အသည်းကွဲတာပဲ :( ဒဏ်ရာက ခုထိပျောက်သေးဘူး၊ အစွဲအလမ်းကြီးတာလေ၊ မယုံရင် မိုက်မဲသူ ကဗျာကိုဖတ်ကြည့် )

ပထမဆုံးရောက်ဖူးတဲ့တစ်ခြားမြို့................... မော်လမြိုင်
( မော်လမြိုင်မြို့ အမေရိကန်ဆေးရုံမှာ သဉ္ဇာ့ကို မွေးတာပါရှင့် )

ပထမဆုံး ဆရာလုပ်ခြင်း.......................... သူငယ်တန်းတုန်းက
(ဆရာမက ကြိမ်လုံးလေးပေးပြီး သမီး သူငယ်ချင်းတွေကို တိုင်ပေးလိုက်ပါအုံးဆိုလို့ အတန်းရှေ့ထွက်ပြီး ဆရာလုပ်လိုက်သေးတယ်၊ ကျောင်းဆင်းခါနီးမို့ သမီးကိုကြိုဖို့ အတန်းအပြင်မှာ စောင့်နေတဲ့ဖေဖေ့မျက်နှာ ပြုံးနေတာ ခုထိမြင်နေသေးတယ်)

ပထမဆုံးဖတ်ဖူးသည့် ဝတ္ထုစာအုပ်................... တာရာမင်းဝေ
(၁၀တန်းပြီးလို့ အကိုက ဖတ်ကြည့်ဆိုပြီး ယူလာပေးတာ၊ ရယ်လိုက်ရတာ ခွက်ထိုးခွက်လန်ပဲ :D )

ပထမဆုံးအကြိမ် မိဘမပါဘဲခရီးဝေးသွားခဲ့တာ ............ ပထမနှစ်ပြီးတော့ ကျောင်းကနေ လားရှိုးမြို့ကို လေ့လာရေး ဆင်းတုန်းကပါ။

ပထမဆုံး ဘလော့ဂ်ဆရာ.............................. ကိုညီလင်းဆက် ရဲ့ မြန်မာဘလော့ဂ်ပြုလုပ်ပုံ ကိုဖတ်ပြီးစလုပ်ဖြစ်တာပါ။

ကိုကြီးအိမ် ဂလောက်ဆို ရပြီလားဟင်....။ ခုလိုအမှတ်တရလေးတွေရေးဖြစ်အောင်း tag လိုက်တဲ့အတွက်ကျေးဇူးပါဂျာ။ လိုသေးတယ်ထင်ရင် ထပ်မေးပေါ့နော်။ ပြန် tag စရာလည်းမရှိတော့ပါလား။
ဟဲဟဲ တွေ့ပြီဗျာ ကိုဦး မအားတဲ့ကြားကနေ ရေးပေးပါဦးဗျို့....။ အဲလိုကို အလိုက်ကန်းဆိုးမသိတာ ဟီးဟီး :D :D

စိန်နားကပ်၊ စိန်အတု နဲ့ ပါးများအကြောင်း

ဒီတစ်ခါတော့ စိန်အစစ်တွေ၊ စိန်အတုတွေ နဲ့ ပါးတွေအကြောင်း ဝေမျှပေးမှာပါ။ ဒီလိုပြောနေလို့ သဉ္ဇာ တစ်ယောက် စိန်ရောင်းဝယ်ရေး လုပ်နေပြီလားလို့ မထင်လိုက်ပါနဲ့။ ဆရာ အတ္တကျော် ရဲ့ စာအုပ်ထဲကနေ ဝေမျှပေးတာပါ။

ဘဝမှာ တချို့လူတွေက“စိန်နားကပ်”ဖြစ်လာကြတယ်။ တချို့တွေကကျတော့“စိန်အတု”၊ အဲ..တချို့ကကျတော့
“ပါး”တွေဖြစ်ကုန်ကြပါတယ်။ နေ့စဉ်လူနေမှုဘဝကို တစေ့တစောင်းကြည့်မိရင် အဲဒီအတိုင်းပဲ တွေ့နေရတယ်။ ဒီတော့ ကိုယ့်ကိုယ်ကို ပြန်စဉ်းစားကြည့်မိတယ် ကိုယ်ကရော၊ စိန်နားကပ်လား၊ စိန်အတုလား၊ ပါးလားပေါ့။

နာမည်ကျော်ရင်၊သြဇာရှိရင်၊ ရာထူးကြီးရင်၊ တစ်ခုခုမှာ သိပ်တော်နေရင် အဲလိုလူရဲ့အနားမှာ လူတွေ ဝိုင်းနေတတ်ပါတယ်။ လူကြီးတွေတင်လားဆိုတော့ မဟုတ်ဘူး၊ ကလေးဘဝမှာကတည်းက အဲလို အမူအကျင့်လေးတွေ စတွေ့ခဲ့ရဖူးကြတာပါ။

အတန်းထဲမှာ စာတော်တဲ့ကျောင်းသားတွေရှိသလို၊ ဘယ်သူ့သား၊ ဘယ်ဝါ့သား ဆိုတာတွေလည်းရှိပါတယ်။ အဲလို ကျောင်းသားတွေနားမှာ အခြွေအရံဆိုတာ ပေါမှပေါ။ စာတော်တဲ့သူနားမှာသာ မပေါရှိရမယ်၊ ဘယ်သူ့သား၊ ဘယ်ဝါ့သားနာမှာတော့ ဝိုင်းဝိုင်းကိုလည်လို့။ လူမှန်းသူမှန်း မသိတသိ ကလေးဘဝကတည်းက “မျက်နှာကြီးဆာ”တယ်ဆိုတာကို သတိထားမိခဲ့ဖူးပါတယ်။

ကိုယ့်မှာတော့ မူလကတည်းက ရှိနေတဲ့ သိမ်ငယ်စိတ်ကြောင့်လားတော့မသိဘူး။ အဲသလို ဝိုင်းနေသူတွေကိုဆို ဝေးဝေးက ရှောင်ဖြစ်ခဲ့ တယ်။ အဝိုင်းခံရသူအပေါ် မရှုဆိတ်တဲ့စိတ် မဖြစ်ခဲ့ပေမယ့် ဝိုင်းနေသူတွေကိုတော့ တစေ့တစောင်း အကဲခတ်မိခဲ့တာ ငယ်ငယ်ကတည်းကပါပဲ။

ကြီးလာလို့ လူတောသူတောထဲ ရောက်လာတော့ လူတွေရဲ့အဲဒီ အမူအကျင့်ကို ပိုပြီး ပြက်ပြက်ထင်ထင် မြင်လာရပါတယ်။ လူရွယ်လူလတ်တွေတောင် မဟုတ်ဘူး၊ လူအိုလူမင်းတွေမှာတောင် အဲသလို ဝိုင်းချင်တဲ့ စရိုက်လေးတွေ ရှိနေတာ မြင်ရတယ်။

အဲဒီမှာ ဘာသွားတွေ့လည်းဆိုတော့“ပင်ကိုအရောင်အဝါ”ဆိုတာပါ။ ပင်ကိုအရောင်အဝါ ထွက်လာဖို့အတွက်က ပင်ကိုအစွမ်းအစနဲ့ အရည်အချင်းရှိနေဖို့ လိုပါတယ်။ ပြောင်းပြန်ပြောရရင် ပင်ကိုအစွမ်းအစ၊ အရည်အချင်း မရှိသူများမှာ ပင်ကိုအရောင်အဝါ မရှိပါဘူး။ သည်အခါမှာ ပင်ကိုအရောင်အဝါရှိသူတို့ရဲ့ အရိပ်ကို ခိုလှုံပြီး မိမိကို လူမြင်အောင်အားထုတ်ရတော့တာပါ။

အဲသလို တစ်ယောက်ယောက်ရဲ့ အရောင်အဝါကို အားပြုလိုက်ရင်းက“သူကတော့ ကိုဘယ်သူ့ရဲ့ ညာလက်ရုံးကြီးပဲ” ဆိုတာလောက်များ ဖြစ်သွားပြီဆိုရင် အဲလိုလူတွေအတွက် ဘဝဟာ ပြီးပြည့်စုံသွား တတ်စမြဲပါ။ အမှန်တော့ သူဟာ တခြားသူရဲ့အရိပ်ကိုခိုပြီးမှ မိမိရဲ့ဖြစ်တည်မှုလေးအတွက် အသက်ဆက်နေရတဲ့ဘဝ ကို ရောက်မှန်းမသိ ရောက်နေတာပါပဲ။

တချို့ကတော့ တော်တယ်။ သူတို့က အရောင်အဝါရှိသူရဲ့ အရိပ်ကို ခိုတာတော့မှန်တယ်။ ဒါပေမယ့် အဲဒီလူရဲ့အရောင်အဝါကိုမီပြီး မိမိ ထွန်းလင်းတောက်ပလာဖို့ လုံးဝအားမထုတ်ဘူး။ မိမိရဲ့ ပင်ကိုအရည်အချင်း အစွမ်းအစကို ချွန်မြလာအောင် အဲဒီလူရဲ့အရိပ်ကို ခိုရင်းက ကြိတ်ကြိုးစားတယ်၊ အားထုတ်နေတယ်၊ လုံ့လစိုက်နေတယ်။တစ်ချိန်မှာ အဲဒီရောင်အဝါရှိသူရဲ့ အရိပ်အောက်ကလွတ်အောင် ရုန်းထွက်လိုက်ပြီး မိမိကိုယ်ပိုင်အရည်အချင်းအစွမ်းအစနဲ့ ရပ်တည်နိုင်အောင် ဆောင်ရွက်ကြတယ်။ မိမိခိုလှုံသူရဲ့ အားနည်းချက်တွေ၊ အားသာချက်တွေကို အနီးကပ်လေ့လာ သင်ခန်းစာယူပြီး မိမိကိုယ်တိုင်ရပ်တည်တဲ့အခါမှာ အမှာနည်းအောင်လုပ်ယူတယ်။ အဲသလိုလူမျိုးကတော့ စိန်နားကပ်ရောင်ကြောင့် ပြောင်တဲ့ပါး မဟုတ်တာ သေချာတယ်။ သူတို့က ကိုယ့်ကိုယ်ကို စိန်နားကပ်ဖြစ်အောင် လုပ်ယူခဲ့ကြတာပဲ။

အဲ... တစ်ချို့ကတော့ ဝိုင်းတဲ့အထဲလည်း မပါဘူး၊ မှီတဲ့ အထဲလည်းမပါဘူး။ သူ့ဘာသာသူရပ်တည်နိုင်တဲ့ စိန်နားကပ်တွေ။ သည်လိုလူတွေလည်းတော်ပါတယ်။ အဲ.. တစ်ချို့ကျတော့ ဝိုင်းတဲ့အထဲလည်း မပါ၊ မှီတဲ့အထဲလည်းမပါတာတော့ မပါဘူး။ ဒါပေမယ့် ကိုယ့်ဘာသာ ရပ်တည်နိုင်အောင်လည်း အားမထုတ်ဘဲ၊ တစ်ယောက်ယောက်ရဲ့အရှိန်အဝါကို ပြောင်ပြောင်တင်းတင်း ပုံတူကူးတဲ့ စိန်နားကပ် အတုတွေဖြစ်လာကြတယ်။ အများသုံးစကားနဲ့ပြောရရင်“ဒုတိယ ဖိုးစိန်”တွေပေါ့။

စိန်တစ်လုံး ဆိုတဲ့မုန့်ဟင်းခါးဆိုင်ကအလုပ်ဖြစ်နေရင် ကိုယ်ကတစ်လုံးစိန် ဆိုတဲ့နာမည်မျိုးနဲ့ မုန့်ဟင်းခါးပဲ လိုက်ရောင်းတာမျိုး၊ မောင်ဘဆိုသူက ဗေဒင်မှာ နာမည်ကြီးနေရင် မောင်ဘာဆိုတဲ့ မနီးရိုးစွဲ နာမည်မျိုးနဲ့ ဗေဒင်လိုက်ဟောတာမျိုးဟာလည်း ဒုတိယဖိုးစိန် အလုပ်တွေပါပဲ။ ရပြီးသားနာမည်၊ ထင်ပေါ်ပြီးသားနာမည်ကို သုံးပြီး ဆင်တူ ရိုးမှားလုပ်ရင်း မရိသတ်ကို ပုံမှားရိုက်ဖို့ အားထုတ်တာပါပဲ။ ဒါကတော့ စိန်အတုတွေပေါ့။

ဘဝမှာ စိန်နားကပ်ဖြစ်ချင်သလား၊ စိန်အတုဖြစ်ချင်လား၊ ပါးဖြစ်ချင်သလား။ တကယ်တော့ လူတိုင်းမှာ ကိုယ့်ဘဝကို ကိုယ်ကိုယ်တိုင်ပဲ ရွေးချယ်ခွင့်တွေ၊ ဖန်တီးခွင့်တွေ ရှိနေတာမဟုတ်လား။

နားလည်သလောက်ပြောရရင်တော့ ဘယ်သူမှ ပါးမဖြစ်ချင်ဘူးထင်ပါတယ်။ ဒါပေမယ့် လူလုံးပြချင်တဲ့ ဇောကြောင့် အရောင်အဝါရှိသူတွေ အနား ပြေးပြေးကပ်ရင်း ပါးဖြစ်မှန်းမသိ၊ ဖြစ်ကုန်ကြရတာလည်း လူတော်တော်များများပါပဲလေ။

ဒါလေးက ဆရာအတ္တကျော်ရဲ့ စာအုပ်လေးထဲကပေါ့ ခုတောင် ရေးနေရင်းနဲ့ ကိုယ့်ကိုယ်ကို စိန်အစစ်လား၊ အတုလား၊ ပါးများဖြစ်နေတာလားဆိုတာ တွေးနေမိပါတယ်။ စိန်အတုမဖြစ်တောင် ပါးဖြစ်ကောင်း ဖြစ်ခဲ့ဖူးပါတယ်၊ ဆိုလိုချင်တာက မိဘ ရဲ့ တာဝန်ကျေပွန်မှုနဲ့ ပါးပြောင်ခဲ့ဖူးတာကိုပြောတာပါ။ ဆပ်ပြာကောင်းလို့ ခေါင်းပေါင်းဖြူခဲ့ပါတယ်။ ခုတော့ ဒီခေါင်းပေါင်းလေး ကိုပဲ ကိုယ့်အစွမ်းနဲ့ကိုယ် ဆက်ဖြူနေအောင် တက်နိုင်သလောက်ကြိုးစားလုပ်ဆောင်နေပါ့မယ်။ ကိုယ်တိုင်က စိန်အကြီးကြီးတစ်လုံး မဖြစ်နိုင်တောင်မှ စိန်အစစ် သေးသေးလေးလောက်တော့ ဖြစ်ချင်ပါတယ်။ ဘယ်လောက်ပဲသေးငယ်ပါစေ စိန်အစစ်ပဲ ဖြစ်ချင်ပါတယ်။

ရုပ်ပုံလေးတွေကပေးတဲ့အဖြေ...

ဒီတစ်ခါတော့ ပုံလေးတွေဆွဲပြီး ပျော်ပျော်ပါးပါး ဗေဒင်တွက်ကြည့်ရအောင်။ ကစားရမယ့် နည်းလေးကတော့ ပေးထားတဲ့ ဇယားထဲက အတိုင်း ဇယားတစ်ခု ဆွဲလိုက်ပါ။ ပထမ အပေါ်ဆုံး လိုင်းမှာတော့ သူပေးထားသလို ပုံတူလေးတွေ ဆွဲလိုက်ပါ။ ပြီးရင် တတိယမြောက် လိုင်းတွေထဲမှာ အဲဒီ ပုံတူနဲ့ တူတယ်လို့ထင်တဲ့ အရာဝတ္ထု၊ ပစ္စည်း တစ်ခုခုကို ဆွဲပေးပါ။ ဥပမာ သူပေးထားတာ အဝိုင်းဆိုရင်၊ ကိုယ်က နာရီ ဆွဲမယ်၊ နေ ပုံဆွဲမယ် စသဖြင့် ဆွဲပေးရမှာပါ။ ဆွဲတဲ့နေရာမှာ ကိုယ့်စိတ်ထဲမှာ ပထမဆုံး ပေါ်လာတဲ့ အရာကိုသာ ဆွဲပေးပါ။ နောက်ဆုံးမှာတော့ အဲဒီ ပုံတူလေးတွေကို ဘာဖြစ်လို့ဆွဲဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်လေးတွေကို ဒုတိယမြောက်လိုင်းမှာ ရေးပေးရမှာဖြစ်ပါတယ်။ ဥပမာ နေပုံ ဆွဲတဲ့သူက ထွန်းလင်းတောက်ပ တယ်၊ အလင်းပေးနိုင်တယ်၊ စသဖြင့်ပေါ့ ကိုယ့်ရဲ့ ခံစားချက်လေး တွေ ရေးပေးရမှာပါ။ ဇယားကွက် ၆ ခုလုံးဖြည့်ပြီးသွားတဲ့သူကတော့ အောက်မှာ အဖြေ တိုက်ကြည့်လို့ရပါပြီ။ မပြီးသေးဘဲ နဲ့တော့ ခိုးမကြည့်ရဘူးနော်.. :P



အဖြေလေးတွေကတော့..
အဝိုင်း မှာ ဆွဲလိုက်တဲ့ ပုံရဲ့ အကြောင်းပြချက်လေးက မိမိကိုယ်မိမိ မြင်တဲ့ အမြင် ပါ။

တြိဂံ မှာ ဆွဲလိုက်တဲ့ ပုံရဲ့ အကြောင်းပြချက်ကတော့ သူများပေါ်ကို မြင်တတ်တဲ့ ကိုယ့်ရဲ့ အမြင်ပါတဲ့။

လှေခါး မှာ ဆွဲလိုက်တဲ့ ပုံရဲ့ အကြောင်းပြချက်ကကျတော့ အလုပ်အကိုင်နဲ့ပတ်သက်လို့ ဘဝကို ဖြတ်သန်းမယ့် ကိုယ့်ရဲ့ ခံယူချက်ပါတဲ့။

အပေါင်း လက္ခဏာ မှာကတော့ စိတ်ဓာတ်ပိုင်းနဲ့ပတ်သက်တဲ့ မိမိရဲ့ဘဝဆိုတာအပေါ် ခံယူချက်ဖြစ်ပါတယ်။

လေးထောင့် မှာ ဆွဲလိုက်တာကတော့ မိမိရဲ့ မိသားစုအပေါ် မြင်တဲ့ အမြင်ပါတဲ့။

“က” လို ပုံစံလေးမှာ ကတော့ ချစ်ခြင်းမေတ္တာဆိုတာကို သင်က မြင်တဲ့ အမြင်ပါတဲ့ ရှင်။

သဉ္ဇာ ဖြေလိုက်တာတွေကို ပြောပြလိုက်အုံးမယ်.. ဟိဟိ ကြုံတုန်းလေး....

အဝိုင်းမှာ.... ကမ္ဘာ ပုံ ဆွဲပြီးတော့ ကျယ်ဝန်းတယ် ဆိုပြီးရေးလိုက်တာ ဟဲဟဲ
တြိဂံမှာတော့... တောင်ပုံဆွဲတယ်ရှင့်၊ အကြောင်းပြချက်ကတော့ ကြီးကျယ် မြင့်မား တယ်။
လှေခါးကိုတော့... စက်လှေခါး ဆွဲလိုက်တယ်၊ အပေါ်ရောက်ချင်ရင် သုံးရမယ့် အရာတဲ့( ဟုတ်နေတာပဲ )
အပေါင်းမှာတော့.... မီးပွိုင့်လမ်းဆုံကို အရင်ဆုံးသွားမြင်တယ်၊ အရပ်ပေါင်းဆုံက ဆုံဆည်းရာနေရာလို့ ရေးလိုက်သေး။
လေးထောင့်မှာ... ရေကူးကန်ကို ဆွဲပေးလိုက်တယ်၊ စိတ်ပေါ့ပါး၊ လန်းဆန်းစေတဲ့နေရာလို့ အကြောင်းပြချက် ရေးပေးလိုက်တယ်။
“က”မှာတော့.. ငှက်ပျံနေတဲ့ပုံကို ဆွဲတာပေါ့နော်၊ လွတ်လပ်တယ် ဆိုပဲ ဟဲဟဲ

အဖြေထွက်လာမှ အော် ဆိုပြီး အော်သွားတယ်။ သူများတွေတော့မသိဘူး၊ သဉ္ဇာ့အတွက်ကတော့ တော်တော်လေး တိုင်ဆိုင်တာ တွေ့ရတယ်။ သူငယ်ချင်းတို့လည်း ကစားရင်း ပျော်ရွှင်ပါစေ..။