သူငယ်ချင်းတွေ



ဘေးလူတွေ
ငါ့ကို ကြောင်တယ်ထင်မယ်
မင်းတို့တွေပြုံးနေကြလို့
ငါ ကျေနပ်တယ်

ဘေးလူတွေ
မင်းကို လှောင်နေပေမယ့်
ငါ တို့တွေပြုံးနေကြလို့
မင်း ကျေနပ်တယ်

အများကြီးမလိုပါဘူး
ရင်ဘတ်ထဲက သံယောဇဉ်နဲ့
နွေးထွေးစွာ ရှိနေကြရင်
ငါတို့တွေ လုံခြုံနေပြီပဲ.....။

မနေ့ကအတွက် မင်းခံစားမနေပါနဲ့
မနက်ဖြန်အတွက် မင်းတွေးပူမနေပါနဲ့
ဒီနေ့လေးကို ငါတို့အတူဖြတ်သန်းကြမယ်

ကိုင်း က ကျွန်းကို မှီတာလား?
ကျွန်း က ကိုင်းကို မှီတာလား?
အရှည်ကြီးတွေးနေစရာမလိုတော့ဘူး
ဘာတွေဖြစ်ဖြစ်
တို့တွေ သူငယ်ချင်း ဖြစ်နေပြီလေ...

သဉ္ဇာ

ဒီကဗျာလေးကို ကြယ်စင်ပျိုးခင်း မှာ ဖော်ပြပြီးသားပါ။ ဒီနေ့ သူငယ်ချင်း အင်္လကာ (ခ) တာတာ ရဲ့ မွေးနေ့အမှတ်တရအဖြစ် ပြန်လည် ဖော်ပြလိုက်တာပါ။
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ဒီနေ့က အားလုံးချစ်ကြတဲ့ မမဝါ ရဲ့ မွေးနေ့လည်း ဖြစ်ပါတယ်။

မမဝါ နဲ့ တာတာ မွေးနေ့မှာ ပျော်ရွှင်ပါစေ ..... ။

လိပ်ပြာငယ် သို့ တမ်းခြင်း...

ဒီခံစားချက်လေးကတော့ သဉ္ဇာ့ရဲ့ အမလိုတစ်မျိုး၊ သူငယ်ချင်းလိုတစ်မျိုး ခင်မင်ရတဲ့ မမ ရဲ့ ရင်တွင်းဖြစ်လေးပါ..။



ထိခိုက်လွယ်တဲ့ ငါ့နှလုံးသားကို အနာတရ ဖြစ်မှာစိုးလို့ ဘယ်သူအတွက်မှ တံခါး မဖွင့်ပေးခဲ့ပါဘူး...
မင်းကိုတော့ ငါ့ဘဝတစ်ခုလုံးအတွက်ဆိုပြီး စဉ်းစားပြီးမှ စတင်လက်ခံခဲ့ပြီး အစွဲအလန်းကြီးတတ်တဲ့ ငါ့နှလုံးသားနဲ့ မိတ်ဆက်ပေးခဲ့တာပါ။
စိုးရိမ်မှုတွေကြားထဲကပဲ ငါ့နှလုံးသားက မင်းကို ချစ်ခဲ့တယ်။
မင်းရဲ့မတိကျတဲ့ ကတိတွေ၊ စကားတွေထဲက မင်းရဲ့ အချစ်ကို မျှော်လင့်နေခဲ့တာပါ။
ဒါပေမယ့် နောက်ဆုံးတော့လဲ မင်းရဲ့ အေးဆေးတဲ့ ဆုံးဖြတ်မှု၊ ရက်စက်တဲ့ နှလုံးသား၊ ချိုသာတဲ့ စကားလုံးတွေ နဲ့ ငါ့ရဲ့ နှလုံးသားကို သေရာပါဒဏ်ရာရအောင် လုပ်ခဲ့တယ်။
မင်းကိုမေ့နိုင်အောင်ကြိုးစားဖို့... အချိန်တွေကို အကူအညီတောင်းခဲ့လဲ အချည်းအနှီးပါပဲ။
ငါ့နှလုံးသားရဲ့ ဒဏ်ရာကို သက်သာစေနိုင်အောင် အရဲစွန့်ပြီး နောက်တစ်ယောက် အစားထိုးခဲ့လဲ အရာမထင်ခဲ့ပါဘူး..။
မင်းကိုလွမ်းတဲ့ လွန်းဆွတ်မှုတွေသက်သာအောင် အဖော်သစ်တွေ ရှာခဲ့လဲ မင်းအရိပ်က နောက်ကလိုက်နေဆဲပါ........။
ငါ့နှလုံးသားနဲ့ ဘဝတစ်ခုလုံး ကို လွှမ်းမိုးနိုင်တဲ့မင်းကို လူချင်းတစ်ကြိမ်တစ်ခါလောက်တော့ တွေ့ခွင့်ရချင်ပါတယ်။
ဒီဆန္ဒလေး မပြည့်နိုင်ခဲ့ရင်လဲ မင်းကို ငါ့ဘဝ၊ ငါ့နှလုံသားထဲက ညင်သာစွာ လွင့်စင်သွားအောင် ကြံဆောင်နိုင်ဖို့ လိပ်ပြာလေး ကို အကူအညီတောင်းချင်ပါတယ်.....။



စာရေးသူ ... sunflower

သူငယ်ချင်းပြောတဲ့ အချစ်အကြောင်း

ခုတစ်လော စာအသစ်မတင်ဖြစ်တာလဲ ကြာပြီ...။ စာမေးပွဲနဲ့ နှစ်ပါးသွားနေလို့ပါ..။ သူငယ်ချင်းတစ်ယောက်ကလည်း သူ့ခံစားချက်လေး ဖော်ပြပေးဖို့ ရေးပေးထားတာကြာပြီ၊ စာမေးပွဲနဲ့နှစ်ပါးသွား က နေတာနဲ့ သူ့စာလေးကို ခုမှ တင်ပေးဖြစ်တယ်။ စာတင်ပေးတာ နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ် သူငယ်ချင်းရေ..။

ဒီစာသားလေးတွေက သူငယ်ချင်း အလင်္ကာ (ခ) တာတာ ရဲ့ ခံစားချက်လေးပေါ့နော်..။ သူ့ရဲ့ အချစ်အပေါ် ခံစားမှု အမြင်လေးပေါ့။ ကဲ ... ခံစားကြည့်ရအောင်.....

လူတိုင်းမှာ အချစ်ဆိုတာရှိကြတာပါပဲ...။ ဒါပေမယ့် ချစ်တတ်ကြပုံခြင်းတော့မတူပါဘူး။ အချစ် ဆိုတာ ကိုယ့်ရင်ထဲမှာ ကိန်းအောင်းနေပြီဆိုရင် အရာအားလုံးကို မေ့သွားတတ်ကြပါတယ်။ ဟုတ်တယ်မှတ်လား? အဲဒီအချစ်ကိုပဲ လူတွေက အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ကြတယ်။ “အချစ်ဟာမီးလား”“အချစ်မရှိ မဝင်ရ”အဲလို သီချင်းတွေလည်းရှိတယ်လေ..။

ဒါပေမယ့် အချစ်ဆိုတာ ချစ်တတ်ကြသူတွေအတွက် ပျားရည်လို ချိုမြိန်တယ်လေ။ မချစ်တတ်တဲ့ သူတွေကတော့ အဓိပ္ပါယ်မရှိဘူးပေါ့။ အချစ်ရှိတာ မကောင်းပါဘူး၊ အချိန်ကုန်တယ်၊ ကိုယ့်ဘဝရဲ့ လွတ်လပ်မှုကို အနှောင့်အယှက်ဖြစ်တယ် စသဖြင့်ပေါ့လေ။ တချို့ကြတော့ ကိုယ့်ဘက်ကခံလိုက်ရမှာ ကြောက်တယ်။ ဥပမာ.. ချစ်သူအချင်းချင်း အဆင်မပြေ ခွဲခွာတဲ့အခါ မိန်းကလေးဘက်က နစ်နာတယ်လို့ ခံစားရတယ်။ ဒါကလည်း တစ်ယောက်နဲ့ တစ်ယောက် အမြင်ချင်းမတူဘူးလေ။ တစ်ချို့ကလည်း ရည်းစားဆိုတာ ထားသင့်တယ်၊ ယောက်ျားဆိုတာ ရွေးတာများမှ ကိုယ့်အတွက် ကောင်းတာရနိုင်တယ် ဆိုတာမျိုး။ သူမချစ်တော့လည်း ဘာအရေးလဲ နောက်တစ်ယောက်ပေါ့၊ don't care ဆိုတာမျိုးတွေလည်းရှိတတ်သေးတယ်။ အရမ်းချစ်တတ်ကြသူတွေကတော့ သူမှသူပဲ၊ သူဆိုးတာပဲဖြစ်ဖြစ် ကောင်းတာပဲဖြစ်ဖြစ် သည်းခံတတ်ကြပါတယ်။

ကျွန်မကြုံဖူးတာကတော့ ကျွန်မရဲ့ သူငယ်ချင်းက ရည်းစားတစ်ခါမှ မထားဖူးဘူး။ တနေ့မှာ သူအရမ်းချစ်တဲ့ သူနဲ့ တွေ့သွားတယ်။ သူတို့၂ယောက် တစ်ယောက်နဲ့ တစ်ယောက် အမြင်ချင်း မတူကြဘူး။ တစ်ယောက်နဲ့တစ်ယောက်ကတော့ အရမ်းချစ်ကြတယ်။ ဒါပေမယ့် ကောင်လေးက လွတ်လပ်မှုကို မြတ်နိုးတယ်။ ဆိုချင်တာက သူက ချစ်သူအဆင့်ပဲနေချင်တာ။ ကောင်မလေးကတော့ မဟုတ်ဘူး သူနဲ့ ဘဝတလျှောက်လုံး လက်တွဲသွားချင်တာ။ ကောင်မလေးကလည်း အမြဲမေးတယ် သူ့ကိုတကယ်ချစ်တာလား၊ လက်ထပ်ဖို့ရောစဉ်းစားလားပေါ့။ ဒါပေမယ့် ကောင်လေးကတော့ အရမ်းချစ်ကြောင်းပြောပါတယ်၊ လက်ထပ်ဖို့ကိုတော့ တစ်ခါမှ မဖြေကြားခဲ့ဘူး။ နောက်ဆုံးတော့ ကောင်လေးကခရီးထွက်သွားတယ်။ ခွဲခွာတဲ့သက်တမ်းတွေ နှစ်တွေကြာခဲ့ပေမယ့် ကောင်မလေးက သူ့အကြောင်းအမြဲပြောနေတုန်းပဲ..။ ခုချိန်ထိပေါ့။

သူတို့၂ယောက်ရဲ့ ချစ်သက်တမ်းက တော်တော်ကြာခဲ့ပါတယ်။ အဲဒီအချိန်တွေမှာ ကောင်ကလေးက အရမ်းကို အနစ်နာခံခဲ့တာပေါ့။ ကောင်မလေး ဘက်ကဆန္ဒတွေကိုတော့ သူ့ရင်ထဲမှာပဲ သိမ်းထားခဲ့တယ်။ နောက်ဆုံးမှာတော့ ကောင်လေးဟာ သူနဲ့ အဝေးဆုံးမှာ ရှိနေပြီး ကောင်မလေးကတော့ သူ့ဘဝအတွက် အလုပ်တွေနဲ့ ပိနေစေခဲ့ပြီး၊ စိတ်တွေကတော့ သူ့ချစ်သူရှိတဲ့ အဝေးတနေရာဆီကို ရောက်နေခဲ့တယ်လေ။

ကျွန်မအမြင်ပြောရရင် ကောင်မလေးက သူ့ရင်ထဲမှာ ဖြစ်ချင်တာကို ပြောပြသင့်တာပေါ့နော်။ ဒါကြောင့်လောကမှာ ချစ်သူတွေချင်း အပြန်အလှန် ပွင့်လင်းရိုးသားဖို့၊ သစ္စာရှိဖို့ လိုတယ်လို့ထင်ပါတယ်။ ကိုယ်ကစိတ်ချမ်းသာပြီး သူတပါး စိတ်ညစ်နေမယ်ဆိုရင်လည်း မကောင်းပါဘူး။ အချစ်ဆိုတာ အပျော်သဘော မဟုတ်ဘဲ အလေးအနက်ထားသင့်ပါတယ်။ ဒါမှ အချစ်ဆိုတာကို ယုံကြည်စိတ်ချလို့ရမှာပါ။

လောကမှာ ချစ်တတ်ကြသူတိုင်း ပျော်ရွှင်နိုင်ကြသလို၊ ချစ်သူတိုင်းပေါင်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်....။

စာရေးသူ .... အလင်္ကာ (ခ) တာတာ

သူငယ်ချင်း အလင်္ကာရေ တင်ပေးလိုက်ပြီနော် ...။ ဟဲဟဲ.........။

ကြေငြာချက်

ကြေငြာချက်ဆိုလို့ တစ်မျိုးတော့ မထင်ကြပါနဲ့ သယ်ရင်းတို့ရေ ...
ကိုဦးမျှော်လင့်ခြင်းကောင်းကင် တစ်ယောက် ဆီဗုံးလည်းပျောက်နေရှာပြီ
သယ်ရင်းတို့ဆီကို လာလည်ရန်အတွက်လည်း လင့်ခ်တွေလည်း မရှိတော့ပါဘူးတဲ့ ..
ဟိုမှာ ကိုဦးတစ်ယောက် တိုင်တွေပတ်ကုန်ပြီ ဟီးဟီး...
အဲဒါ သယ်ရင်းတို့သိအောင် ကြော်ငြာပေးတာပါ ...
သယ်ရင်းတို့ရဲ့ လင့်ခ်လေးများ သူ့ကွန်းမန့်မှာ သွား ကြော်ငြာပေးလိုက်ကြပါလို့ ...
သိပြီးသူတွေလည်း သိပြီးလောက်ပါပြီ။ မသိသေးသူများ သိအောင်လို့ ကြော်ငြာပေးခြင်းပါ ခင်မျာ.. အဲလေ.. ရှင် ။

သန်းခေါင်ထက် နက် တဲ့ ည

အလွမ်းတွေကို ဖြတ်ကူးနေရတဲ့ ဒီည
စက္ကန့်တိုင်းကို ဆွဲဆန့်ထားလေသလား ??

အခုတလော
ငါကြောက်ရွံဖူးတဲ့ အလွမ်းတွေထဲ ကူးခတ်ရင်း....
ငါ ကိုယ်တိုင် ပျော်ဝင်နေမိလို့ ...
ဒီည .....
ငါ့ခံစားချက်သယ်ဆောင်ရာနောက် ငါစီးမျောမယ် ....

နွမ်းလျပြီးသား ငါ့နှလုံးသားလည်း
ဒီ့ထက်ဒီ ပိုနာကျင်စရာ မရှိတော့ပြီမို့
ဒဏ်ရာအပြည့်နဲ့ ငါ့အလွမ်းတွေအတွက်
အမှောင်ထုရေ....
သန်းခေါင်အပြင် ထပ် ညဥ့်နက်နိုင်သေးတယ်ဆိုရင်
မင်းစိတ်ရှိသလောက်သာ နက် လိုက်ပါတော့  ....
ငါ ဆိုတဲ့သူ လွမ်းဖို့ အသင့်ပါပဲ........။


အချစ်တဲ့....

ဒွင်း.. ဒွင်း (Dream) တက်ဂ်ထည့်လိုက်တာကလည်း ချက်ကောင်းကိုမှ တက်ဂ်ထည့်လိုက်တယ်။ ချစ်သာချစ်နေကြတာ အချစ်ဆိုတာဘာလဲလို့ အမေးခံရတော့လည်း ယောင်လည်ယောင်လည် ဖြစ်နေပြန်ရော...။ အချစ်ဆိုတာကြီးကလည်း လူတစ်ဦးချင်းဆီရဲ့ ခံစားချက်နဲ့ လိုက်ပြီး ကွဲပြားနေတတ်ပြန်တော့.... ခံယူချက်တွေလည်း အမျိုးမျိုးပေါ့။ ကိုယ့်အတွေးနဲ့ကိုယ် ရေးလိုက်ဦးမယ် ... စာဖတ်သူများလည်း အားရပါးရ သဘောတူ၊ ထောက်ခံ၊ ငြင်းဆန်၊ ကွဲလွဲနိုင်ပါတယ်ရှင့်.... :P

အချစ်ဆိုသည်မှာ လေးစားခြင်း၊ ယုံကြည်ခြင်း၊ စိတ်ချခြင်း၊ အသိအမှတ်ပြုခြင်း၊ နားလည်ခြင်းနဲ့ လက်ခံခြင်းတို့ အချိုးကြ ပါဝင်တယ်လို့ထင်ပါတယ်။

လောက မှာ အချစ်အမျိုးမျိုးရှိနေကြတာပဲ မဟုတ်လား.။ နှစ်ဦးနှစ်ဖက် အပြန်အလှန်ချစ်ကြသူတွေ၊ တဖက်သက် နဲ့ နှစ်နှစ်ကာကာချစ်နေသူတွေ။ ပေးဆပ်မှုတွေ၊ ရယူမှုတွေ၊ နားလည်မှုတွေ နဲ့ ချစ်နေကြတာပဲလေ။

အချစ်ဆိုတာ တစ်ခါတစ်လေ အဆုံးစွန်သော နားလည်ပေးမှုတွေနဲ့ စွန့်လွှတ်ပေးနိုင်ပါတယ်။

ကိုယ်ချစ်တဲ့သူအတွက်ဆိုရင် သူကိုယ့်ကို လိုအပ်ချိန်မှာ ရှိနေပေးချင်ကြမယ်၊ မလိုအပ်တော့ဘူးဆိုရင် ပြောနေစရာတောင်မလို ရှောင်ပေးနေပြီးသားဖြစ်နေမယ်။ အဲဒီအတွက်လည်း အမုန်းတွေ ကင်းစွာနဲ့ကို ကျေနပ်နေတက်ကြတယ်။ အပြစ်တင်ပြောဆိုမှုတွေ ကင်းနေမယ်။ ဘယ်သူမှားခဲ့တယ် ဘယ်သူမှန်ခဲ့တယ်ဆိုတဲ့ အမှားအမှန်တွေ မရှိ၊ အနိုင်အရှုံးတွေ မရှိ။ ပကတိ စိတ်ထဲကနေ ချစ်တယ်ဆိုတာနဲ့ပဲ ချစ်ပြသွားတတ်ကြတယ်။


သူ့ကို သူ့စိတ်တိုင်းကျ ရွေးချယ်မှုတွေ ရှိနေစေမယ်။ သူရွေးချယ်နေတဲ့ ဆုံးဖြတ်ချက်တွေကို ကိုယ်က နားလည်မှုတွေနဲ့ လက်ခံပေးလိုက်မယ်။ သူ့အပေါ်ချစ်တဲ့ ကိုယ့်ရဲ့အချစ်တွေကို သူကလည်း ယုံကြည်နေစေသလို၊ သူရွေးချယ်သွားတဲ့ လမ်းအတွက်လည်း ကိုယ်က အသိအမှတ်ပြုပေးလိုက်ပါမယ်။ ဒီလိုနည်းလေးနဲ့ သူ့အပေါ်ချစ်တဲ့ ကိုယ့်ရဲ့အချစ်တွေကို လေးလေးစားစားဖြစ်နေစေမယ်။ ကိုယ်ကိုယ်တိုင် မပူလောင်သောနည်းနဲ့ ကိုယ့်ချစ်သူကိုပါ အေးချမ်းစေချင်ပါတယ်။

ကိုယ်ချစ်တဲ့သူကို စွန့်လွှတ်လိုက်ရလို့ နာကျင်ရမှာ မှန်ပါတယ်။ ဒါပေမယ့် ကိုယ့်အနားမှာ သူရှိနေပြီး သူ့စိတ်က ကိုယ့်ဆီမှာ မရှိပဲ နှစ်ယောက်လုံး နာကျင်နေရမှာထက်စာရင် ကိုယ်တစ်ယောက်တည်း နာကျင်နေရတာက ပိုကောင်းပါတယ်။ တစ်ခါတစ်လေ ကိုယ်ဖြစ်ချင်တာထက် ဖြစ်သင့်တာကို နှစ်ဦးနှစ်ဖက်ကို လေးစားသောအားဖြင့် ဆုံးဖြတ်ရမှာပါပဲ။ ဒါကတော့ တစ်ဖက်သတ် အချစ်နဲ့ ဆိုင်တယ်လို့ဆိုရမှာပေါ့နော်...။

နှစ်ဦးနှစ်ဖက် ချစ်နေကြသူတွေမှာတော့ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေးစားယုံကြည်မှုက အရေးအကြီးဆုံးလို့ထင်ပါတယ်။
တစ်ဦးတစ်ယောက်ကိုချစ်လာတဲ့အခါ သူလိုအပ်တာလေးတွေကို အလိုလိုသိနေနိုင်သလို။ သူမကြိုက်တာတွေကိုလည်း မလုပ်မိအောင် ရှောင်ဖြစ်သွားပါတယ်။ အပြန်အလှန် ယုံကြည်မှုတွေရှိနေမယ်၊ နားလည်မှုတွေနဲ့ စောင့်ထိန်းတတ်လာမယ်။ တစ်ချို့ကတော့ရှိပါတယ် သူမကြိုက်တာတွေကို သူ့ရှေ့မှာ မလုပ်ဘူး၊ နောက်ကွယ်မှာ လုပ်တယ်။ သူမှ မသိတာကွာ တစ်ခါတစ်လေပဲ ဘာမှမဖြစ်ပါဘူး ဆိုတဲ့ ဆင်ခြေလေးတွေနဲ့ပေါ့။ အင်း အဲဒီကစတာပါပဲ...။ အဲဒီစကားလေးတစ်ခွန်းက ပြောမယ့်သာပြောတာ သေချာစဉ်းစားကြည့်ရင် ကိုယ်သူ့အပေါ်ချစ်တဲ့ အချစ်ရဲ့တန်ဖိုးကို ဟိုးအောက်ဆုံးထိ ဆွဲချသွားတတ်တာကို သတိမထားမိကြဘူး...။

တကယ်ပဲလေးလေးစားစားနဲ့ ချစ်မယ်ဆိုရင် သူမကြိုက်တာကို သူ့နောက်ကွယ်မှာ လက်တွေ့မပြောနဲ့ စိတ်နဲ့တောင် မချိုးဖောက်မိအောင် ထိန်းသိမ်း နေမိမှာပါပဲ။ အဲဒီအချစ်တစ်ခုကို ပေါ့ပျက်ပျက်စကားလုံးလေးနဲ့တောင် အညှိုးအနွမ်း မခံနိုင်ပါဘူး။ ဒါကတော့ ကိုယ့်ဘက်ကခံယူချက်ပေါ့နော်..။

အဲ.. သူ့ဘက်ကိုရော ကိုယ့်အပေါ်ချစ်တဲ့ အချစ်ကို ဘယ်လိုနားလည်ပေးနိုင်မှာလဲ ဆိုရင်တော့.. ဟုတ်ကဲ့ ဒီလိုပဲ ခံယူမိမှာပါပဲ။ သူသာ ကိုယ့်ကိုတစ်ကယ်ချစ်ရင် ကိုယ်မကြိုက်တာတွေကို ပြောနေဖို့တောင် လိုမယ်မထင်ပါဘူး။ သူ့ဘာသာသူ သိနေမှာပါပဲ။ ဒါမှလည်း တရားမယ်လို့ထင်တယ်။ ကိုယ့်ဘက်ကချည်းပဲ လိုက်ပြီးနားလည်ပေးနေရမယ်၊ ဖြည့်တွေးပေးနေရမယ် ဆိုရင်တော့ တစ်ဖက်သတ်အချစ်နဲ့ ဘာများကွားဦးမှာလဲ.. နော့..။

ဟိုရုပ်ရှင်ထဲကလိုပေါ့ လူတစ်ယောက်ကိုချစ်ဖို့ကလွယ်ပါတယ် ချစ်မြဲချစ်နေဖို့သာ ခက်တာပါတဲ့..။

မှန်ပါတယ် .. တစ်ဦးနဲ့တစ်ဦး ချစ်လိုက်ဖို့က၊ ချစ်သူတွေအချင်းချင်း ချစ်မြဲချစ်နေကြအောင် လုပ်ရတာလောက် မခက်ဘူးလို့ထင်ပါတယ်။


တစ်ဦးနဲ့တစ်ဦး လေးစားယုံကြည်မှုတွေ နဲ့ အပြန်အလှန် နားလည်ပေးပြီး တည်ဆောက်တဲ့ အချစ်မျိုးမှ စိတ်ထဲမှာ လုံခြုံမှုရှိတဲ့ အချစ်တစ်ခု ဖြစ်လာမယ်လို့ထင်ပါတယ်။ တစ်ဦးရဲ့စိတ်ကို တစ်ဦးက လုံခြုံမှုပေးနိုင်ရပါမယ်။ တည်ဆောက်ထားတဲ့အချစ်တွေ ခိုင်မာနေအောင် အလုပ်နဲ့သက်သေပြရမယ်။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုတွေ မပျက်စီးသွားအောင် ကြိုးစားတည်ဆောက်နေရမယ်။ ကိုယ်စီ စိတ်ထဲမှာလည်း သံသယတွေ ကင်းနေစေရမယ်။ သံသယတွေ ကင်းနေစေဖို့လည်း အပြန်အလှန် ကြိုးစားစောင့်ထိန်းနေရမယ်။ ပြဿနာ တစ်ခုခု ရှိလာပြီဆို အရင်ဆုံး အငြင်းမပွားကြဘဲ နှစ်ဦးစလုံးက ပြဿနာရဲ့ အခြေခံ အကြောင်းအရင်းကို ခေါင်းအေးအေးနဲ့ စဉ်းစား ပြီး ဖြေရှင်းသင့်တယ်။

နှစ်ဦးလုံးရဲ့ စိတ်ထဲမှာ ကိုယ်တည်ဆောက်ထားတဲ့ အချစ်ကို တွေးလိုက်တာနဲ့ အေးချမ်း လုံခြုံမှုကို ခံစားနေရမယ်ဆိုရင်၊ ဘယ်လောက်များ စိတ်ချမ်းသာစရာကောင်းမလဲနော်....။ အချစ်ဆိုတာ နှစ်ဦးစလုံးကို အေးချမ်းနေစေတာ အကောင်းဆုံးလို့ ထင်ပါတယ်။

ကဲ နှစ်ဦးနှစ်ဖက် အချစ်ကိုတော့ သည်လိုမျိုးလေးဖြစ်သင့်တယ်ဆိုတဲ့ အတွေးနဲ့ ရေးထားတာပေါ့နော်.. ဟဲဟဲ ။
တစ်ဖက်သတ် အချစ်ကတော့ သည်လိုမျိုးလေး ချစ်ဖူးတယ် ဆိုတာ ပြောပြတာပါ..။

လူကြီးမင်းတို့လည်း ကိုယ့်သဘောထားလေးနဲ့ကိုယ်၊ကိုယ့်ခံယူချက်နဲ့ကိုယ် ချစ်နိုင်ကြပါတယ်။
သဘောထား တူညီသူတွေရော၊ မတူညီတူတွေပါ ချစ်ခြင်းမှာ အေးချမ်းနိုင်ကြပါစေ.....။

ဖြစ်သလိုစားတယ်၊ စားသလိုဖြစ်တယ် ....

လာပြန်ပါပြီ ဒီတစ်ခါတော့ ဖြစ်သလိုစားသလားတဲ့။ ဒေါ်ခေါင်ခေါင် နဲ့ ဦးအိမ်တို့ရဲ့ကောင်းမှုလေ..။ ဖြစ်သလို စာတတ်သလားဆိုတော့ကာ.....။ အင်း.. စာတတ်တယ်လို့ပဲဖြေရမယ်။ ဟုတ်တယ် အစားအသောက်ကို သိပ်မရွေးဘူး။ ကိုယ်ကဖြစ်သလိုစားလိုက်ပြီး ဗိုက်ကလည်း ကိုယ်စားသလို ဖြစ်သွားတာပါပဲ။ မဖြစ်လို့လဲ မရဘူးလေ ဗိုက်မှာ သူစားချင်တာစားဖို့ ပါးစပ်မှ မပါတာ။ ကိုယ်စားသလိုပဲ ဖြစ်ရမှာပေါ့..။

မနက်စာဆိုရင်လည်း ကော်ဖီ ပါရင် ရပြီး ဘာနဲ့ပဲဖြစ်ဖြစ် စားလိုက်တာပဲ။ ကော်ဖီမသောက်ရရင်တော့ အဆင်မပြေဘူး၊ တစ်နေကုန် ခေါင်းမကြည်သလို ဖြစ်နေတတ်တယ်။ ပြီးတော့ ပြောပြရအုံးမယ် ဒေါ်သဉ္ဇာ ကလေ မနက်စာကို များများစားတတ်တယ်၊ ဘာကြောင့်မှန်း လည်းမသိ မနက်စာဆို များများစားဖြစ်တာကို သတိထားမိတယ်။ တစ်ညလုံး ငတ်ထား၍လည်း ဖြစ်နိုင်တယ်။

နေ့လည်စာကိုတော့ အလုပ်ရောက်နေရင် အမေထည့်ပေးလိုက်တဲ့ ထမင်းဘူးလေးပဲ အားကိုးလိုက်ပါတယ်။ စနေနေ့အလုပ်တက်ရရင်တော့ ထမင်းဘူး မထည့်ဘူး သူငယ်ချင်းတွေနဲ့ အပြင်မှာ ဝယ်စားဖြစ်တယ်။ မေမေကိုတော့ မှာထားပါတယ် ဟင်ချက်ရင် ဆီသိပ်မထည့်ဖို့ပါ။“ဝ”လာမှာစိုးလို့ အဆီ မစားခြင်း မဟုတ်ပါ (အထင်မလွဲစေလိုကြောင်း)။ အဆီများတဲ့ဟင်းကို ပါးစပ်ထဲထည့်ပြီး ဝါးနေရတဲ့ ဒုက္ခက တော်တော် ဆိုးလို့ပါ။ အဆီများတဲ့ ဟင်းကိုတွေ့ရင် မျက်ရည်လေးတွေ လယ် ချင်လာပါတယ်။ အလုပ်ပိတ်တဲ့နေ့တွေဆိုလည်း မေမေက ဘာဟင်းစားချင်လဲလို့မေးရင် ဖြေရခက်နေတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် စားမှာပါပဲ...။

ညစာဆိုရင်တော့ အလုပ်ကပြန်ရောက်တာနဲ့ ကျောင်းတန်းသွားရသေးတယ်လေ..၊ ဆိုတော့ကာ ဘာဟင်းချက်လဲလို့ မေးရုံတင်လေး မေးဖြစ်တာများတယ်။ ကျောင်းသွားရင်းနဲ့ လမ်းမှာ တစ်ခုခု ဝယ်သွားပါတယ်။ ကျောင်းရောက်မှ စားတယ်။ ညဘက်အိပ်ခါနီးရင်တော့ နွားနို့တစ်ခွက်သောက်ပြီး အိပ်တော့တာပါပဲ။

အဲဒါတွေက ကျောင်းနဲ့ အလုပ်တက်ရတဲ့နေ့တွေပေါ့နော်....။ စနေတနင်္ဂနွေဆိုရင်တော့ ဒေါ်သဉ္ဇာတစ်ယောက် အိမ်မှာ“ချက်ပျက်ကြော်တူး”အလုပ်တွေ လုပ်ပါတယ်။ သူများလို ချက်ပြုတ်ကြော်လှော်ခြင်းမဟုတ်ပါ ချက်ရင် ပျက်ပြီး၊ကြော်ရင်တူးသွားလို့ ချက်ပျက်ကြော်တူး ပါ။ တကယ်လို့များ စားချင်ကြတယ်ဆိုရင်တော့ အိမ်လာလည်ဖို့ဖိတ်ခေါ်ပါတယ်။ ဒေါ်သဉ္ဇာ ချက်တာကို စားဖူးသွားရင်တော့ အရင်က ဖြစ်သလို မစားတတ်သူများပါ“ဖြစ်သလို စားတတ်သွားခြင်း”ဆိုတဲ့ အကျိုးအမြတ်ကို ရရှိနိုင်ပါတယ် ။

၁၀ ရက်ပဲ ကျန်တော့မယ်ဆိုရင်...

ဦးဦးအိမ် က တဂ် ထားတယ်တဲ့။ ကြည့်လိုက်တော့ သေမင်း က နောက်ကလိုက်နေရင် ဘာလုပ်မလဲဆိုတာကြီးဖြစ်နေတယ်။ အဲဒါကြီးကို ဘယ်သူမှ မတဂ်လို့ ပျော်နေတာ..။ ခုတော့ထိပြီ..။

သဉ္ဇာ မသေခင်မှာ ကိုယ်သေတော့မယ် ဆိုတဲ့ အကြောင်းကို သိခဲ့မယ်ဆိုရင်၊ အဲဒီအကြောင်းကို မိသားစုကိုလည်း မသိစေချင်ဘူး၊ သူငယ်ချင်းတွေကိုလည်း မသိစေချင်ပါဘူး။ ဘယ်တစ်ဦး တစ်ယောက်ကိုမှ မသိစေချင်ဘူး။ သူတို့စိတ်ထဲမှာ ကိုယ့်ကို သေတော့မယ်ဆိုတဲ့အသိနဲ့ မပြောရက်မဆိုရက်၊ ဝမ်းနည်းနေမှုတွေနဲ့ မကုန်ဆုံးချင်ပါဘူး။ အားလုံးကို အရင်လိုပဲ ဖြတ်သန်းနေကြပုံစံလေးအတိုင်းပဲ ရှိနေစေချင်ပါတယ်။ အရင်တုန်းကအတိုင်း သွားမယ်လာမယ်၊ ပြောမယ်ဆိုမယ်၊ အငြင်းပွားမယ်။
အဲဒီအတောအတွင်းမှာတော့...

၁၀ ရက်အလိုမှာ

ရေကူးကန်သွားပြီး အားရပါးရ ရေကူးပစ်မယ်...။ ဘာရယ်မဟုတ်ပါဘူး ရေထဲမှာ စိတ်တွေကို အားလုံးလျှော့ထားလိုက်မယ်..။ အေးအေးဆေးဆေးကို ကူးပစ်မယ်..။ ညနေဘက်မှာတော့ ကန်ဘောင်မှာ ဖြစ်ဖြစ်၊ မြို့ပြင်မှာဖြစ်ဖြစ် “စွန်” သွားလွှတ်မယ် ....။

၉ ရက်အလို

သူငယ်ချင်းတွေနဲ့ အပြင်သွားမယ်၊ ရခိုင်မုန့်တီ နဲ့ ဇီးကြံ သောက်မယ်..။ စကားတွေပြောမယ်။ သူတို့ကို ကိုယ့်အပေါ်မှာ အကြိုက်ဆုံးအချက်တွေ၊ မကြိုက်ဆုံးအချက်တွေကို အတင်းမေးမယ်။ သူတို့မကြိုက်တဲ့အချက်တွေကို အားမနာ လျှာမကြွေး ပြောကြမှာ မြင်ယောင်မိသေးတယ်။ သူတို့ တစ်ယောက်ချင်းစီမှာ ရှိတဲ့ထူးခြားချက်တွေကို ပြောပြခဲ့မယ်။ ပြီးရင် သူတို့ကို သူငယ်ချင်းအဖြစ် ရှိနေပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်းပြောမယ်။

၈ ရက်အလို

မိဘမဲ့ကလေးကျောင်းကိုသွားမယ်။ သူတို့တွေနဲ့ တစ်နေကုန် အချိန်ပေးပြီး နေမယ်..၊ သူတို့တွေ ပြောသမျှအားလုံးကို စိတ်ရှည်ရှည်နဲ့ နားထောင်ပေးမယ်။ သူတို့စိတ်ထဲက အားငယ်နေမှုလေးတွေကို တစ်ရက်လောက်တော့ ဖြေဖျောက်ပေးချင်တယ်။ သူတို့တွေ လိုအပ်မယ်ထင်တာတွေ လှူမယ်။

၇ ရက်အလို

မိသားစုနဲ့အတူ ဈေးဝယ်ထွက်မယ်..။ အရင်ကလိုပဲ ဘယ်သူက ဒါလေးနဲ့လိုက်တယ်..၊ ဒါကြီးနဲ့မလိုက်ဘူး.. ဘာညာဘာညာဆိုပြီး ဘေးကနေ ပွားပေးမယ်။ ပြီးရင် ထုံးစံအတိုင်း သူငယ်ချင်းတွေအတွက် ကီးချိန်း လေးတွေ ဝင်ဝယ်အုံးမယ်။ အရင်ကလိုပဲ မကြိုက်လည်းယူ၊ ကြိုက်လည်း ယူ... အတင်းပေးအုံးမှာ ဟဲဟဲ ။

၆ ရက်အလို

မောင်ဝမ်းကွဲနဲ့ ညီမဝမ်းကွဲ တွေကိုခေါ်ပြီး အားကစားကွင်းမှာ သွားဆော့မယ်။ မောင်နှမတွေ ဆော့နေကြအတိုင်း ပန်းခြံထဲမှာ ဘောလုံးကန်မယ်။ ကလေးတွေကို ဓာတ်ပုံတွေ ရိုက်ပေးမယ်..။ သူတို့စားချင်တာ အားလုံးဝယ်ကျွေးမယ်..။ အကြွေစေ့ထည့်ပြီး အရုပ်ကောက်တာလည်း သွားကစားမယ်။ သူတို့တွေ ရေကူးချင်တယ်ဆိုရင် ရေကူးကန်ကို ခေါ်သွားပေးမယ်..။

၅ ရက်အလို

ဒီနေ့ကစပြီး မနက်တိုင်း ရွှေဒဂုံဘုရား သွားမယ်..။ ပုတီးစိတ်မယ်။ ပြန်လာရင် မေမေ နဲ့ ဖေဖေ ကို ကူညီစရာရှိတာတွေ ကူပေးမယ်။ အိမ်သန့်ရှင်းရေးလုပ်မယ်၊ အိမ်မှာ ပျက်နေတာလေးတွေရှိရင် လိုက်ပြင်မယ်။

၎ ရက်အလို

မနက်ဘုရားတက်ပြီးရင် အဖိုး နဲ့ အဖွား ကိုသွားကန်တော့မယ်၊ မုန့်ဖိုးတောင်းမယ်။ သူတို့တွေပြောသမျှကို နားမညည်းတမ်း နားထောင်ပေးလိုက်အုံးမယ်။ အရင်ကဆို မုန့်ဖိုးတော့ယူပြီး၊ စကားပြောတာနဲ့ ထွက်ပြေးခဲ့ပေါင်းများနေတာကိုး...။

၃ ရက်အလို

အမှန်အတိုင်းပြောရမယ်ဆိုရင် ဒီနေ့ဘုရားသွားရင် ဘေးမှာ ကိုယ်ရှိစေချင်တဲ့ သူ ရှိနေမယ်ဆိုရင် ကောင်းမှာပါ။ ဘုရားက ပြန်လာရင် မုန့်စားရင်းနဲ့ သူပြောတာတွေကို ထိုင်နားထောင်မယ်။ ပြီးရင် သူ့ကို ကိုယ်ချစ်ခဲ့တာတွေကို ရိုးရိုးလေးပဲ ပြောပြချင်တယ်။ တုန့်ပြန်စရာမလို၊ အားနာစရာမလို ဘူးဆိုတဲ့ အနေအထားမျိုးနဲ့ပါ။ ( ဒီစိတ်ကလည်း သေခါနီးထိတောင် ပါနေတုန်း၊ မလွယ်ဘူးနော် :P )


၂ ရက်အလို

ဘုရားတက်ပြီးရင် တစ်ယောက်တည်း ဈေးဝယ်ထွက်မယ်။ ဖေဖေ နဲ့ မေမေ အတွက် ဖိနပ် တစ်ရံစီ ဝယ်ခဲ့မယ်။ အိမ်မှာ ရှိတဲ့သူတွေနဲ့ သူငယ်ချင်းတွေ အတွက်လည်း လက်ဆောင်တစ်ခုစီ ဝယ်မယ်။ သူတို့မသိအောင် အခန်းထဲမှာ တိတ်တိတ်လေး ကိုယ်တိုင် ပါကင်လှလှလေးတွေနဲ့ ထုပ်ထားပေးမယ်။ ပြီးရင် ဖေဖေ့ ကို ဂစ်တာတီးခိုင်းမယ် ဘေးကနေသီချင်းလိုက်ဆိုမယ်။ အလွတ်ရနေပြီဖြစ်တဲ့ သူ့ကျောင်းသားဘဝ က အဖြစ်လေးတွေကို ထပ်နားထောင်မယ်။ ပြီးရင် မေမေနဲ့ ဘယ်လိုတွေ့ခဲ့တယ်ဆိုတာကအစ သဉ္ဇာ့ ကလေးဘဝထိအဆုံး သူရယ်ရယ်မောမော ပြောအုံးမှာ..။ သူပြောပြတိုင်းလည်း မရိုးတမ်း နားထောင်နေကြလေ။ ပြီးရင် ဖေဖေ နဲ့ မေမေ သိထားသင့်တဲ့ လျှို့ဝှက် နံပါတ်တွေ၊ စာချုပ်စာတမ်းတွေကို ပြောပြခဲ့ရမယ်။

၁ ရက်အလို

ဒီနေ့ဘုရားတက်ရင် ဘုရားကို နှင်းဆီပန်းတွေ ကပ်မယ်၊ ရေသပ္ပာယ်မယ်။ ခိုစာကျွေးမယ်။ ပြီးရင် အိမ်ကိုပဲပြန်လာမယ်၊ အိမ်ရောက်တာနဲ့ နားထောင်နေကြသီချင်းလေးတွေ ဖွင့်ထားမယ် ပြီးရင် အိမ်မှာစိုက်ထားတဲ့ နှင်းဆီပင်တွေကို ရေလောင်းမယ်၊ မြေသြဇာ ကျွေးမယ်။ ညကျရင် မိသားစုနဲ့သူငယ်ချင်းတွေပါ ခေါ်ပြီး အိမ်မှာပဲ ပျော်ပျော်ပါးပါး ထမင်းစားမယ်။ ပြီးတာနဲ့ ဖေဖေ နဲ့ မေမေ ကို ကန်တော့မယ်၊ပြီးရင် အားလုံးကို မနေ့က ပြင်ဆင်ထားတဲ့ လက်ဆောင်တွေ ပေးမယ်။ သူတို့တွေ အံ့သြပြီး ဝမ်းသာသွားတာကို ကြည့်မယ်။ သူတို့ရယ်သလို လိုက်ရယ်မယ်။ သူတို့ပြုံးသလို လိုက်ပြုံးမယ်။ အဲဒီလို အံသြစရာတစ်ခုခု လုပ်ပေးလိုက်တိုင်း သူတို့ ပြောနေကျစကား ဖြစ်တဲ့“ဒီကောင်မလေးကတော့လေ” ဆိုတဲ့ အသံတွေကို နောက်ဆုံးအနေနဲ့ နားထောင်သွားမယ်။

ကဲ ပုံပြင်လေးကတော့ ဒါပါပဲကွယ်..။ မပြီးလို့မရတော့ဘူးလေ သေပြီကိုး.... ။

ကိုဗှေး ရဲ့ တစ်ဖက်သက်

ဒီတစ်ခါတော့ စာရေးဆရာ ကိုဗှေး ကိုယ်တိုင်ကြုံလိုက်ရတဲ့ အဖြစ်တစ်ခုကို ပြောပြမှာပါ။

အဖြစ်လေးကတော့ တစ်မနက် နယူးယောက်မြို့ မြေအောက်ရထားထဲတွင် ဖြစ်သည်။ လူတွေက အေးအေး ဆေးဆေး ထိုင်နေကြတယ်။
တစ်ချို့က သတင်းစာဖတ်၊ တစ်ချို့က အတွေးထဲမှာ မျောနေ၊ တစ်ချို့ကျတော့ မျက်လုံးကိုမှိတ်ပြီး နားနေကြတယ်။ ကျောင်းသင်ခန်းလေး တစ်ခုလို ငြိမ်သက်တိတ်ဆိတ်နေတဲ့ မြင်ကွင်းလေးတစ်ခုပါ။

အဲဒီ့ အချိန်မှာ ရထားထဲကို လူတစ်ယောက်နဲ့ ကလေးတွေ ဝင်ချလာတယ်။ ကလေးတွေက အော်ကြီးဟစ်ကျယ်နဲ့ တက်ကြွလှုပ်ရှားလွန်း
နေတာမို့ ရထားတွဲလေးထဲက ငြိမ်သက်တဲ့ဥတုလေးဟာ ချက်ချင်းကို ပြောင်းသွားတော့တယ်။

ဝင်လာတဲ့သူက ကျွန်တော့်ဘေးမှာ ဝင်ထိုင်လိုက်ပြီး မျက်လုံးကို စုံမှိတ်နေတယ်။ သူ့ပုံက အခြေအနေကို နည်းနည်းလေးမှ မရိပ်စားမိဘူးဆိုတာ သေချာတယ်။ ကလေးတွေက တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် အော်ဟစ်ကြလို့၊ တွေ့ကရာ လျှောက်ပစ်တဲ့ သူက ပစ်၊ တစ်ယောက်ကဆို တွဲထဲက လူတွေ ဖတ်နေတဲ့ သတင်းစာတွေကိုတောင် သွားဆွဲလားဆွဲနဲ့။

တော်တော့်ကို မျက်စိနောက်စရာ ကောင်းနေတာပါ။ ဒါပေမယ့် ကျွန်တော့်ဘေးက လူကတော့ သူ့ကလေးတွေကို တစ်ခွန်းမှ ဟန့်ဖော်မရဘူး။ ကျွန်တော့်စိတ်ထဲမှာ တော်တော့်ကို ကသိကအောက်ဖြစ်လာတယ်။ မဖြစ်ဘဲကို မနေနိုင်တော့ဘူး။ ကိုယ့်ကလေးတွေ သည်လောက် သောင်းကျန်းနေတာကို နေစိမ့်ပြီး တစ်ခွန်းမှ ဟန့်ဖော်မရတဲ့ သူ့ကိုလည်း ကျွန်တော် ဘယ်လိုမှကို နားမလည်တတ်တော့ဘူး။ တော်တော် တာဝန်မဲ့တဲ့ဖအေပဲလို့ အောက်မေ့နေမိတယ်။

တစ်တွဲလုံးက လူတွေလည်း ကျွန်တော့်လိုပဲ သိသိသာသာကို စိတ်အနှောင့်အယှက် ဖြစ်နေကြပြီ။ နောက်ဆုံးတော့ ကျွန်တော်လည်း ဘယ်လိုမှ မအောင့်နိုင်တော့ဘူး။ သူ့ဘက်လှည့်ပြီး ပြောလိုက်ရတော့တယ်။

“သည်မယ်နောင်ကြီး၊ နောက်ကြီးရဲ့ ကလေးတွေကြောင့် ဘေးလူတွေ တော်တော့်ကို အနှောင့်အယှက်ဖြစ်ကုန်ကြပြီဗျာ။ နည်းနည်းလောက် ပြောပါဦးလားဗျာ”

အဲဒီလူလည်း မျက်လုံးပွင့်လာပြီး ကလေးတွေကို ငေးနေတယ်၊ သူကြည့်နေပုံက ရထားတွဲကြီတစ်တွဲလုံးကို အခုမှ မြင်ဖူးပြီး သူ့ကလေး တွေကိုလည်း အခုမှ မြင်ရသလိုမျိုးကြီးရယ်။ ပြီးတော့ ခပ်လေးလေး ပြန်ပြောတယ်။

“ဟုတ်သားပဲဗျာ။ ကျွန်တော် ကလေးတွေကို ပြောလိုက်ပါဦးမယ်။ ကျွန်တော်တို့က အခုပဲ ဆေးရုံက ပြန်လာတာဗျ။ ကလေးတွေရဲ့အမေ လွန်ခဲ့တဲ့ တစ်နာရီလောက်ကပဲ ဆုံးသွားတယ်လေ။ ကျွန်တော်လည်း ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး၊ သူတို့လေးတွေလည်း ရုတ်တရက် အမိမဲ့သွားတဲ့ အနေအထားကို ဘယ်လိုရင်ဆိုင်ရမယ်မှန်း မသိတတ်သေးတော့ ထင်ရာ လျှောက်လုပ်ရင်း ဖြစ်ကုန်တယ် ထင်ပါရဲ့ဗျာ” တဲ့။

စာဖတ်သူအနေနဲ့ အဲဒီအချိန်မှာ ကျွန်တော ဘယ်လိုခံစားလိုက်ရမယ်ဆိုတာကို မှန်းဆနိုင်မယ်ထင်ပါတယ်။ ကျွန်တော် မူလမြင်ထားတဲ့ အမြင်ကနေ ရုတ်ချည်းပြောင်းလဲသွားတယ်။ အမြင်ပြောင်းသွားတဲ့အတွက် အတွေးလည်း ပြောင်းသွားသလို၊ ခံစားချက်လည်း ပြောင်းသွားတယ်၊ အမူအရာလည်း ပြောင်းသွားပါတော့တယ်။

ကျွန်တော့်စိတ်ထဲမျာ အနှောင့်အယှက်ဖြစ်နေခဲ့တာတွေ ချက်ချင်းပျောက်သွားတယ်။ သည်လူ့ကို စာနာစိတ်နဲ့ သနားတဲ့စိတ်က ချက်ချင်း ဖြစ်လာတယ်။ သူ့ကိုအားပေးဖို့ စိုင်ပြင်လိုက်မိတယ်။ အခြေအနေက ရုန်ချည်းပြောင်းသွားတော့တာပါပဲ။

ဒါလေးက စာရေးဆရာ ကိုဗှေး ရဲ့ ကိုယ်တွေ့လေးတစ်ခုပေါ့။

“သူ့ဖက်ကကြည့်တော့ လက်ဖဝါး ၊ ကိုယ့်ဖက်ကကြည့်တော့ လက်ဖမိုး”
တစ်ခါတစ်လေ တို့တွေ တစ်စုံတစ်ယောက်ကို အပြစ်တွေ မမြင်ကြခင် ကိုယ်မသိသေးတဲ့ သူ့ဘက်အခြမ်းက ဘာတွေဖြစ်နေလို့များလဲ၊ ကိုယ်မတွေးမိလိုက်တဲ့ သူတစ်ဖက်သားရဲ့ အခြေအနေက ကိုယ်ထင်တာထက်ကို ဆိုးရွားလွန်းနေတတ်တာကို သတိလေး ထား လိုက်ကြရအောင်။

ဝင်းဦးရဲ့ တစ်ဖက်သက် ....

“တစ်ဦးတစ်ယောက်ကို သူ့အကြောင်း အတွင်းကျကျ မသိဘဲနဲ့ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ချက်ချတတ်တာဟာ လူသတ်သမားစိတ် တစ်မျိုးပဲ။ တစ်ပါးသူကို မိမိရဲ့ စွပ်စွဲမှုကြောင့် ရှင်လျက်နဲ့ သေစေသလို အချိတ်တန်လို့ အမြင်မှန်ရလာတဲ့ အခါမှာလည်း မိမိကိုယ်တိုင် နောင်တကြောင့် ရှင်လျက်နဲ့ သေကြရတယ်”

ဒီစာသားလေးကို ရေးခဲ့သူကတော့ မေမေ တို့ခေတ်တုန်းက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် ဝင်းဦး ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်က ရေးသားထားတာဖြစ်ပြီး၊ ၁၉၆၉ ခုနှစ်တွင် ပြန်လည်ဖော်ပြထားတာပါ။ သူကဒီစာသားလေးနဲ့ သူရဲ့ ဝတ္ထုကို အစ ဖွင့်ထားတာပါ။ သူ့ရဲ့ ဝတ္ထုကို အတိုချူပ် ပြောပြပါမယ်။

တပ်ကြပ်ကြီးမြင့်နိုင်ရဲ့ လက်အောက်သို့ တပ်ကြပ်ထွေးကို ဆိုသူတစ်ဦး ရောက်လာသည်။ ထိုထွေးကို မှာ လူရည်သန့်ဖြစ်သလို ရည်လည်းရည်မွန်သဖြင့် အားလုံးက ခင်မင်ကြသည်။ သန်သန်မာမာ ဖျတ်ဖျတ်လတ်လတ်လည်း ဖြစ်သဖြင့် ပထမတွင် မြင့်နိုင် ကိုယ်တိုင်က လက်ရုံးကောင်းရပြီဟု ထင်ခဲ့သည်။

ထွေးကိုကား တာဝန်ကျေပွန်သူ၊ စည်းကမ်းရှိသူ၊ စာရိတ္တကောင်းသူ၊ လူတိုင်းနဲ့ တည့်သူလည်းဖြစ်သည်။ သို့သော် ရေရှည်တွင် မြင့်နိုင်က ထွေးကိုအား နည်းနည်းမှ ကြည့်မရတော့။

မြင့်နိုင်က တကယ့်စစ်သား။ စစ်မတိုက်သော စစ်သားကို အထင်ကြီး၍မရသော လူမျိုးဖြစ်နေသည်။ ထွေးကိုက တိုက်ပွဲထွက်ရန် အချိန်ကျလာတိုင်း အလိမ္မာနှင့် ရှောင်ပြေးနေသည်ချည်းတွေ့ရသောအခါတွင် မြင့်နိုင်က ထွေးကို ကို အလွန်ရွံရှာ အထင်သေးသွားတော့သည်။

သည်လိုနှင့် အထက်အရာရှိကို ပြောပြီး ထွေးကိုအား မြင့်နိုင်ကို သူ့တပ်ထဲတွင် ဆက်မထားဖြစ်ရန် ဆောင်ရွက်လိုက်သေးသည်။ သို့ရာတွင် အဆင်မသင့်ချင်တော့ ထွေးကို ပြောင်းသွားသော တပ်မှ တပ်စု တပ်ကြပ်ကြီး အူအတက်ပေါက်ပြီး ဆေးရုံတက်နေသဖြင့် ထွေးကိုတို့ တပ်စုကိုပါ မြင့်နိုင်က ပူးတွဲ လုပ်ချုပ်ရသည်။

ဖြစ်ချင်တော့ ထိုအချိန်တွင်မှ စစ်ဆင်ရေးတာဝန်က ပေါ်လာသည်။ ထိုအခါ ထွေးကိုက နေမကောင်းသဖြင့် ဆေးရုံတက်ချင်ကြောင်း တစ်ဆင့်ပြောလာသည်။ တပ်ကြပ်ကြီးမြင့်နိုင် ထောင်းခနဲဖြစ်ပြီ။

ထို့ကြောင့် သူ့တပ်စုနှစ်စုမှ တပ်သားအားလုံးကို တန်းစီစေပြီး ဆုံးမစကားပြောတော့သည်။ စစ်သားသည် စစ်မတိုက်ဝံ့ပါက အလွန်ရှက်ဖို့ ကောင်းကြောင်း ပစ်ပစ်နှစ်နှစ်ကြီး ပြောလိုက်ခြင်းဖြစ်သည်။ သူမည်သူ့ကို ရည်ရွယ်ကြောင်း တပ်စုနှစ်စုလုံး သိသကဲ့သို့ ထွေးကို ကိုယ်တိုင်လည်း သိသည်။ မြင့်နိုင်ပြောနေချိန်တွင် ထွေးကို၏မျက်နှာကား ရဲရဲ နီလျက်။

ထိုနေ့ညနေတွင် ထွေးကိုက မြင့်နိုင်ထံသွားရောက်ပြီး ဆေးရုံမတက်လိုတော့ကြောင်း အကြောင်းကြားကာ စစ်ဆင်ရေးလိုက်ရန် ဆုံးဖြတ်လိုက်ကြောင်းကို ယတိပြတ် ပြောလေတော့သည်။

သည်လိုနှင့် ထွေးကိုသည် စစ်သားတစ်ဦး အနေနှင့် ရွပ်ရွပ်ချွန်ချွန် တိုက်ပွဲဝင်ခဲ့သည်။ သို့ရာတွင် ရန်သူ့စခန်းသိမ်းမိနေစဉ်တွင်ပင် ထွေးကို သည် ရန်သူ့ကျည်သင့်ပြီး ကျဆုံးသွားလေသည်။

အသက်ထွက်ခါနီးတွင် ထွေးကိုက မြင့်နိုင်ကိုမှာသည်။ သူစုထားသည့် ငွေနှင့် တပ်မတော်ကပေးမည့် သက်စွန်းကြေးပါ နှစ်ရပ်ပေါင်းပြီး သူ့မိခင်ကြီးအား မြင့်နိုင်ကိုတိုင်သွားပေးရန် ခပ်စင်းစင်း မှာခြင်းသာဖြစ်သသည်။

ကိစ္စဝိစ္စပြီးသောအခါ ထွေးကိုပေးသည့် လိပ်စာအတိုင်း ထွေးကို့မိခင်ကြီးရှိရာ ရွာကို မြင့်နိုင်ရောက်သွားသည်။ လိပ်စာမှာ ရွာဦးဘုန်းကြီးကျောင်း လိပ်စာဖြစ်သဖြင့် ကျောင်းထဲရှိ ကပ္ပိယကြီးကို စုံစမ်းရာ ဘုန်းကြီးကျောင်းဝင်းထဲရှိ တဲအိုလေးပေါ်မှ အမယ်အိုကို ပြသည်။

“မောင်ထွေးတို့ဟာ အမေတစ်ခု၊ သားတစ်ခုပါ ရဲဘောကြီးရယ်။ ဆွေမျိုးမရှိကြဘူး။ မောင်ထွေးကိုဟာ အမေမျက်မမြင်ကြီးကို လုပ်ကျွေးဖို့ စစ်ထဲဝင်သွားတာပဲ။ အားကိုးစရာ ဒီသားတစ်ယောက်သာ ရှိတာမို့ သေဘေးက ဝေးအောင် တိုက်ပွဲခိုက်ပွဲတွေ မထွက်ဖို့ ကတိတောင်းလို့ မောင်ထွေးကို ကတိပေးရှာတယ်။ အမေကြီးကလည်း စိတ်ချလက်ချ၊ ဘုန်းကြီးကျောင်းမှာ မောင်ထွေးကို ထောက်ပံ့ငွေကလေးနဲ့ နေရရှာတာပါ” ဟု ကပ္ပိယကြီးက ရှင်းပြသောအခါ မြင့်နိုင်တစ်ယောက် ဆောက်တည်ရာမရအောင် ဖြစ်သွားတော့သည်။

သည်လိုနှင့် မြင့်နိုင်က ထိုအမယ်ကြီးကို အမေအဖြစ် တစ်သက်စာ စောင့်ရှောက်ရန် ခေါ်လာခဲ့ကြောင်းဖြင့် ဝင်းဦးက သူ့ဝတ္ထုကို ဇာတ်သိမ်း ထားလေသည်။

ကဲ ဒါပါပဲရှင် .... ။ အမှန်အတိုင်းဝန်ခံရရင်တော့ဖြင့် သဉ္ဇာလဲ အဲဒီလိုအပြစ်မျိုးနဲ့ မလွတ်ကင်းဘူးဆိုတာ ဝန်ခံရပါလိမ့်မယ် .. ။ ဘယ်သူမှ မမေးခင် ဝန်ခံထားတာ ဟီးဟီး ။ သူ့လောက် ပြင်းထန်တဲ့အမှား မဟုတ်ပေမယ့် မှားမှန်းသိချိန်မှာ ကိုယ်ကိုယ်တိုင် တော်တော်လေး စိတ်မကောင်းဖြစ်ရပါတယ်။ နောက်နောင်များဖြင့် ဒီလိုအမှာမျိုး မဖြစ်နိုင်သမျှ မဖြစ်ရလေအောင် သတိထားပြီး ကြိုးစားနေပါတယ်။